ယောယုံဗျူဟာကုန်းစခန်းရှင်းလင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

ယောယုံဗျူဟာကုန်းစခန်းရှင်းလင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ယောယုံနည်းဗျူဟာစခန်းအား KIAက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းရှင်းလင်းသည့်ရုပ်သံ လူမှုကွန်ယက်စာမျက်နှာတွင် ထွက်ပေါ်လာသည်။ 

အဆိုပါစခန်းအား KIAက ရှင်းလင်းရာ လက်နက်ကြီးများ၊ ခဲယမ်းများနှင့် ရိက္ခာအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မိုင်ဂျာယန်ကို လက်နက်ကြီးနှင့်ပစ်ခတ်နေသည့် စကခ(၂၁)လက်အောက်ခံ ယောယုံနည်းဗျူဟာ(၂)စခန်းသည် ၁၉၈၅ ခုနှစ် မတ်လက KIA ပူးပေါင်း ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)တပ်ဖွဲများက တိုက်ခိုက်စဉ် မအောင်မြင်ခဲ့သည့် တပ်စခန်းဖြစ်သည်။

၁၉၈၄ ခုနှစ်က KIAနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)တပ်ဖွဲ့များသည် ရွှေလီမြစ်နှင့် ဧရာဝတီမြစ်ကြားတွင် ပူးတွဲစစ်ရေးစီမံကိန်းပြုလုပ်မည့်စစ်ဆင်ရေးကို ရွှေရာအောင်စစ်ဆင်ရေးဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

ထိုအပြင် KIA သည် ၁၉၈၅ခုနှစ်က မသိမ်းပိုက်နိုင်ခဲ့သည့် ယောယုံဗျူဟာကုန်းကိုလည်း တိုက်ခိုက်နေရာ ကာကင်းစခန်းများဖြစ်သည့် လော့မွန် စခန်း၊ ဘန်ယောင်းစခန်းနှင့် ရှန်တိုင်းဘွမ်စခန်းများအား မတ်လ(၂၇)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါစခန်းများအား တိုက်ခိုက်သိမ်းပိုက်စဉ် ယော်ယုံတောင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စိန်လုံတောင်ရှိ စစ်ကောင်စီတပ်စခန်းများက မိုင်ဂျာယန်အနီးဝန်းကျင်သို့ လက်နက်ကြီး(၁၀)ကြိမ်နှင့်အထက် ပစ်ခတ်ရာ မိုင်ဂျာယန်မြို့အတွင်းသို့ (၈)ကြိမ်ကျပြီး တရုတ်နယ်စပ်သို့ လက်နက်ကြီး(၂)လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းရှိ ယောယုံ၊ ဘန်ရောင်၊ ရှန်တိုင်းတောင်၊ မဒါဘွမ်၊ လော့ဒန်၊ လော့မွန်၊ ငါ့ဂယန် စခန်းများကို KIA သည် မတ်လ(၂၇)ရက်နေ့ကစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency