နောင်ချိုမြို့နယ် တောင်းခမ်းရွာကို စစ်ကောင်စီဗုံးကြဲ 

နောင်ချိုမြို့နယ် တောင်းခမ်းရွာကို စစ်ကောင်စီဗုံးကြဲ 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ တိုက်ပွဲများပြင်းထန်နေသည့် တောင်းခမ်းရွာကို ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့ နံနက်ိပုင်းတွင် စစ်ကောင်စီဘက်က တိုက်လေယာဉ်နှင့် ဗုံး(၃)ကြိမ် ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ (၉၀၂)တပ်စခန်း၊ (၄၀၆)တပ်စခန်းနှင့် (၂၀၆)တပ်စခန်းများကို TNLAက ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ လနှင့်ချီကြာနေပြီဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ ဆက်တိုက်ပေးနေခြင်းဖြစ်သည်။

“အဲဒီနေရာက စစ်မြေပြင်ဖြစ်နေတာနဲ့ မြေပြင်ရဲဘော်တွေကလည်း စစ်မြေပြင်အနေအထားကို ပြောပြတာမျိုးမရှိတော့ အသေးစိတ်ကိုတော့ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် တောင်းခမ်းစစ်မျက်နှာပြင်ကို နံနက်(၁၀)နာရီခွဲမှ (၁၀)နာရီ (၃၅)မိနစ်အတွင်း ဗုံး(၃)ကြိမ် ဗုံး(၇)လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့ပေါ်ရှိ အင်းဝိုင်းသကြားစက်ကို လေကြောင်းမှ ည(၈)နာရီခွဲတွင်လည်း လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခိုက်ရာ သကြားစက်နှင့် အနီးရှိ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲပြီး သံဃာတစ်ပါးအပါအဝင် အရပ်သားတချို့ သေဆုံးမှုရှိသည်ဟု သိရသည်။

“မနေ့က အင်းဝိုင်းကိုကျတာလူသေတယ်။ အင်းဝိုင်းဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျတာ ကိုရင်ကြီးတစ်ပါး ပျံလွန်တော်မူတယ်။ စစ်ရှောင်တစ်ဦးနဲ့ ကိုရင်(၃)ပါးထိတယ်။”ဟု ဒေသခံတစ်ဦးက Tachielik News Agency ကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၈)ရက်နေ့ ည(၇)နာရီခွဲတွင်လည်း စစ်ကောင်စီတပ်သည် အင်းဝိုင်းသကြားစက်ရုံကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ (၂၂)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့ စျေးရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၆)ဦး ထိမှန်ဒဏ်ရာရသည်ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။ 

အဆိုပါနေ့ ည(၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ရာ ဗုံးကြဲဒဏ်ကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ(၆)ဦး ဗုံးစထိမှန်ဒဏ်ရာရပြီး နေအိမ်(၁၂)လုံးလည်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။

#TachileikNewsAgency

Photo: နိုဝင်ဘာလ (၂၂)ရက်နေ့က နောင်ချိုမြို့ စျေးရပ်ကွကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်