ကန့်ဘလူ ပင့်သာကျေးရွာကို စစ်ကောင်စီတပ်က (၅)ကြိမ်မြောက်မီးရှို့နေ

ကန့်ဘလူ ပင့်သာကျေးရွာကို စစ်ကောင်စီတပ်က (၅)ကြိမ်မြောက်မီးရှို့နေ

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ရှိ ပင့်သာကျေးရွာကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က (၅)ကြိမ်မြောက် မီးရှို့နေကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ (၂၇)ရက်နေ့ နံနက်ပိုင်းက ကျွန်းလှမြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား (၁၅၀)ဝန်းကျင်တို့သည်  ပင့်သာကျေးရွာတွင် ညအိပ်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပင့်သာကျေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ပင့်သာကျေးရွာသည် ကျွန်းလှ-ကောလင်း လမ်းပိုင်းတစ်နေရာတွင် ရှိပြီး စစ်ကောင်စီတပ် အထိုင်စခန်းများဖြစ်ကြသော ချပ်သင်း၊ ချပ်ကြီးကျေးရွာများနှင့် နီးကပ်ခြင်းကြောင့် မကြာခဏ စစ်‌ကြောင်းထိုးခံရကြောင်း သိရသည်။

ပင့်သာကျေးရွာသည် အိမ်ခြေ(၆၃၅)အိမ်ရှိသည့် ရွာကြီးတစ်ရွာဖြစ်၍ (၄)ကြိမ်အတွင်း အရပ်သားနေအိမ် (၁၅၀)လုံး ဆုံးရှုံးပျက်စီးခဲ့ရကာ ယခုတစ်ကြိမ်တွင် မည်မျှဆုံးရှုံးသည်ကိုမူ မသိရသေးပါ။ 

လက်ရှိတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမှုကြောင့် ပင့်သာရွာအပါအဝင် အနီးရှိကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရသည်။

၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလကုန်အထိ (၂၅)လတာကာလအတွင်း စစ်ကောင်စီတပ်သည် တိုင်းနှင့် ပြည်နယ်(၁၄)ခုတွင် အရပ်သားနေအိမ် (၇၀,၃၂၄)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmarမှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

မေလ ၃၁ ရက်နေ့အထိ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့သည် မီးရှို့ဖျက်ဆီးမှုများကို အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသော ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်ကြောင်း သိရသည်။

ယင်းအထဲတွင် စစ်ကိုင်းတိုင်းသည် အဆောက်အအုံပေါင်း (၅၃,၈၁၆)လုံး မီးလောင်ပျက်စီးခဲ့ပြီး အဆိုးရွားဆုံးဒေသဖြစ်သည်။

#TachileikNewsAgency

Photo : ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)