တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA ပိတ်ဆို့ထား စစ်ကောင်စီဗုံးကြဲမှုကြောင့် တန်းလွဲရွာမတွင် ဒေသခံ ၁၃ ဦးသေဆုံး

တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA ပိတ်ဆို့ထား စစ်ကောင်စီဗုံးကြဲမှုကြောင့် တန်းလွဲရွာမတွင် ဒေသခံ ၁၃ ဦးသေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်၏ စကခ (၅)လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆)၊ (၅၄၄)တပ်စခန်းများနှင့် အခြားသောစခန်းများကို ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် တောင်ကုတ်မြို့အနီးရှိ ကျေးရွာများကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး ယမန်နေ့ကလည်း တန်းလွဲရွာမကို စစ်ကောင်စီတပ်က ညအချိန် လာရောက်ဗုံးကြဲတိုက်ခိုက်သဖြင့် (၁၃)ဦး သေဆုံးပြီး (၆)ဦးထက်မနည်း ဒဏ်ရာရကြောင်း သိရသည်။

သေဆုံးသွားသူများမှာ တန်းလွဲရွာမ အမှတ်(၄)ရပ်ကွက်နေ မောင်စွမ်းဆက်နိုင်(၆)နှစ်၊ ဦးကျော်မြသန့် (၇၀)နှစ်၊ ဦးမောင်ကြီး (၄၀)နှစ်၊ ဦးခင်မောင်ဇင် (၆၁)နှစ်၊ ဒေါ်ရွှလာ (၅၇)နှစ်၊ ဒေါ်မချစ်စု (၄၆)နှစ်၊ ဦးမောင်မြင့်လွင် (၅၆)နှစ် ၊ ဦးဆန်းဇော်ဌေး (၃၄)နှစ်၊ ဒေါ်ခင်ဌေးမြင့် (၄၂)နှစ်၊ ဒေါ်ခင်ဆန်း (၅၂)နှစ်၊ ဦးခင်မောင်ရီ (၄၈)နှစ်၊ ဦးအောင်ကျော်စိန် (၆၉)နှစ်နှင့် ဒေါ်မတင်ရီ (၆၁)နှစ်တို့ဖြစ်ကြောင်း သိရသည်။ 

ဒဏ်ရာရသူများမှာ အမှတ်(၄)ရပ်ကွက်နေ  ဦးသန့်လွင် (၆၃)နှစ်၊ ဒေါ်ရွှခဲ (၅၀)နှစ်၊ ဒေါ်ခင်မိုးလွင် (၅၁)နှစ်၊ ဦးသောင်းဝေ (၇၃)နှစ်၊ ဒေါ်မိုးစိန် (၇၅)နှစ်နှင့် ကိုအောင်မင်း (၂၆)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျိန္တလီဒေသတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်ပြီး စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ဖြင့်ခုခံနေသည့်ကြားက စစ်ရေးအရများစွာရှုံးနိမ့်နေသည့်အပြင် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားကိုလည်း အောက်တိုဘာလ (၇)ရက်နေ့ နံနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ဆုတ်ခွာသွားကြောင်း သိရသည်။ 

အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများကို အောက်တိုဘာလ (၆)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီက အဆိုပါ တံတားအား ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်များကို အာရက္ခတပ်တော်(AA)က လိုက်လံချေမှုန်းတိုက်ခိုက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ 

စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူလူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်  ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

#TachileikNewsAgency

Photo: CJ