စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို NUGအစိုးရ အုပ်ချုပ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်း(၉၈)ဦး အလင်းဝင်လာကြောင်း NUGအစိုးရက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် မြို့သိမ်းခဲ့ပြီးနောက် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် Non-CDMဝန်ထမ်းများအား ဒီဇင်ဘာလ (၂၅)ရက်နေ့ နောက်ဆုံးထား အလင်းဝင်ရောက်ကြရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမိန့်ထုတ်ပြန်ပြီးနောက် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ Non-CDM ဝန်ထမ်းများဖြစ်သော ထွေအုပ်တစ်ဦး၊ ပညာရေး(၃၃)ဦး၊ စည်ပင် (၅)ဦး၊ လျှပ်စစ် (၅)ဦး၊ အခွန် (၂)ဦး၊ သစ်တော (၂)ဦး၊ သစ်ထုတ်လုပ်ရေး (၄)ဦး၊ သစ်လုပ်ငန်း (၁)ဦး၊ မီးသတ် (၁)ဦး၊ စိုက်ပျိုးရေး (၂)ဦး၊ မြန်မာ့စီးပွားရေးဘဏ် (၂)ဦး၊ မီးရထား (၂၀)ဦး၊ မီးရထားရဲ (၁)ဦး၊ ဆက်သွယ်ရေး (၁)ဦး၊ အား/ကာ (၂)ဦး၊ မြေစာရင်း (၁၃)ဦး၊ လူဝင်မှုကြီးကြပ်ရေး တစ်ဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (၂)ဦး စုစုပေါင်း (၉၈)ဦးသည် နိုဝင်ဘာလ (၂၈)ရက်နေ့မှ ဒီဇင်ဘာလ (၃)ရက် နေ့အတွင်း အလင်းဝင်ရောက်ခဲ့ကြကြောင်း သိရသည်။
အလင်းဝင်ရောက်သူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ စီမံခန့်ခွဲနိုင်ရန် ညွှန်ကြားချက်များအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးများနှင့်အညီ ဆောင်ရွက်နေသည်ဟု ဆိုသည်။
ထို့အပြင် Non-CDM ဝန်ထမ်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် နောက်ဆုံးသော အခွင့်အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေများအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရဖွယ်ရှိမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency