စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံထောင်ချီ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်ပိုင်းတွင် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
အင်အား(၈၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ(၂၇)ရက်နေ့က ပုလဲမြို့နယ်အတွင်းထဲကို ရောက်ရှိလာခဲ့ပြီး ပုလဲမြို့ပေါ်၌ ညအိပ်တပ်စွဲခဲ့သည်ဟု သိရသည်။
ထို့နောက် ယနေ့နံနက်ပိုင်းမှ စတင်ကာ စစ်ကြောင်းထွက်လာခဲ့ပြီး နံနက်(၆)နာရီခွဲခန့်တွင် ကျွန်းဘိုကုန်းရွာ၊ နံနက်(၇)နာရီ(၄၅)မိနစ်တွင် နွယ်ရှောက်ရွာအနီးကို ရောက်နေသည်ဟု သိရသည်။
၎င်းစစ်ကြောင်းကြောင့် ပုလဲမြို့နယ်၊ ကျွန်းဘိုကုန်း၊ မန်ကျီးခွ၊ ရွာသာ၊ လိန်ကုန်း၊ ကံကြီး၊ မွေ့တုံ၊ ညောင်ကုန်း၊ ဖိုကုန်း၊ ကံပေါက်၊ နွယ်ရှောက်၊ လှော်ကား၊ အင်ကြင်းစု စသည့်ကျေးရွာများ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု Pale Entertainment က ဖော်ပြထားသည်။
Photo: Pale Entertainment