မုန်းမြို့နယ်အတွင်း သဘာဝဘေးဒဏ်ခံစားနေရသည့် ဒေသခံများအား စစ်ကောင်စီတပ်က တိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်တန့်ပေးရန်တောင်းဆို

မုန်းမြို့နယ်အတွင်း သဘာဝဘေးဒဏ်ခံစားနေရသည့် ဒေသခံများအား စစ်ကောင်စီတပ်က တိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်တန့်ပေးရန်တောင်းဆို

ပဲခူးတိုင်း မုန်းမြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်ခံစားနေရသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်တန့်ပေးရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုံ့ချပြီး ချက်ချင်းရပ်တန့်ပေးရန်၊ သဘာဝဘေးအန္တရာယ်အပြင် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုဒဏ်ကို ခံစားနေရသော စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံမှုနှင့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့အတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် နိုင်ငံတကာအစိုးရအဖွဲ့များကို တောင်းဆိုထားသည်။

ပြည်တွင်းပြည်ပရှိ ကရင်လူမျိုးနှင့်တကွ ပြည်သူလူထုကို ကိုယ်စားပြုသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကလည်း စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်နေမှုများအား ချက်ချင်းရပ်တန့်ပြီး ပိုမိုထိရောက်သော အရေးယူဆောင်ရွက်မှုများနှင့် ပိတ်ဆို့မှုများကို ပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

မုန်းမြို့ကို စစ်တပ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီလမှ ဩဂုတ်လ(၁၅)ရက်နေ့အထိ လေယာဉ်ဖြင့်တိုက်ခိုက်မှု (၇)ကြိမ်၊ ဒရုန်း၊ လက်နက်ကြီးနှင့် အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပြီး ကျေးရွာများအတွင်းသို့ ဝင်ရောက်ထိုးစစ်ဆင် မီးရှို့ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ပြည်သူ(၁၉)ဦးသေဆုံးခဲ့ပြီး (၅၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် (၂၀၆)လုံး မီးလောင်ပျက်စီးခဲ့ရကာ လူဦးရေ (၁၀,၇၄၃)ဦးလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မိုးများစွာရွာသွန်းခြင်းကြောင့် မုန်းမြို့နယ်အတွင်း ရေဘေးနှင့်ကြုံတွေ့ခဲ့ရပြီး စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲနှင့် ကြုံတွေ့နေကြရပြီး ဒေသခံတစ်ဦးသေဆုံးရကာ နေအိမ်(၂၆)လုံးပျက်စီးပြီး လူဦးရေ(၇၂,၄၂၉)ဦး ရေဘေးခံစားနေရသည်ဟု သိရသည်။

#TachileikNewsAgency