ချမ်းမြသာစည်မြို့နယ် လဝကရုံးနှင့် ရပ်ကွက်ရုံးကို ဗုံးပစ်တိုက်ခိုက် ဒဏ်ရာရသူရှိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် လဝကရုံးနှင့် ချမ်းမြသာစည် ရပ်ကွက်ရုံးတို့ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်တွင် တပြိုင်တည်း ဗုံးပစ်တိုက်ခိုက်ခံရကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လဝကရုံး ဗုံးပေါက်ကွဲမှုတွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကာ ရပ်ကွက်ရုံးဗုံးပေါက်ကွဲမှုတွင်လည်း (၂)ဦး ဒဏ်ရာရသည်ဟု သိရသည်။
“ဗုံးပေါက်ပြီးတော့ အနီးနားက ဆိုင်ကယ်တွေ၊ လူတွေကို စစ်ကောင်စီတပ်တွေ လိုက်စစ်တယ်။ ဘယ်လိုစဖြစ်တာလဲဆိုတာတော့ ကျွန်တော်လည်း မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။
မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများလုပ်ဆောင်နေသည့် No More Dictatorship People Defence Force-NMD အဖွဲ့ကမူ မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ အဆိုပါ လဝကရုံးနှင့် ဦးပွားကုန်းကျော်အဆင်းရှိ ချမ်းမြသာစည်ရပ်ကွက်ရုံးတို့ကို တပြိုင်တည်း လက်ပစ်ဗုံး(၂)လုံးစီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လဝက ဝန်ထမ်းများ၊ စစ်ကောင်စီနှင့် ပတ်သက်သူများ၊ ပျူစောထီးများ ဒဏ်ရာရရှိခဲ့ကြောင်း No More Dictatorship People Defence Force-NMD တာဝန်ခံ ကိုနဂါးကြီးက Tachileik News Agencyကိုပြောသည်။
“ဒဏ်ရာရသူတွေဟာ စစ်ကောင်စီရဲ့ဝန်ထမ်းတွေလို့ ကျွန်တော်တို့ သိရပါတယ်။ ကျွန်တော်တို့ကတော့ ပြည်သူကို မထိခိုက်အောင်လို့ ရုံးဆင်းချိန်ပေါ့။ (၃)နာရီဆိုတာ ရုံးဆင်းချိန်လို့ပြောလို့ရတဲ့အနေအထားမှာရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ရွေးပြီးတော့ တိုက်ခိုက်ခဲ့တာပါ။ နောက်တစ်ခု ကျွန်တော်တို့အနေနဲ့ မစ်ရှင်လုပ်ဆောင်ရာမှာ လဝကရုံးရဲ့ ဝန်းအတွင်းပေါ့နော်။ ထရံဝန်းအတွင်းကို ဗုံးပစ်သွင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လမ်းဘေးက ပြည်သူလူထုကတော့ လုံးဝမထိနိုင်ပါဘူး။”ဟု ကိုနဂါးကပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့်လည်း မြေအောက်တော်လှန်ရေးအဖွဲ့(UG)များ၏ ထုတ်ပြန်ချက်၊ မေတ္တာရပ်ခံချက်များကို ဂရုစိုက်ပေးကြရန်လည်း No More Dictatorship People Defence Force-NMDအဖွဲ့က ထပ်မံမေတ္တာရပ်ခံထားသည်။
“ကျွန်တော်တို့ အမြဲထုတ်ပြန်ပါတယ်။ စကစရဲ့ ရုံးတွေ၊ စကစရဲ့ထောက်တိုင်လုပ်နေတဲ့ နေရာတွေကို ဝေးဝေးနေကြဖို့ ရှောင်ရှားကြဖို့ကို ကျွန်တော်တို့ အမြဲသတိပေးပါတယ်။ ကျွန်တော်တို့က တိုက်ခိုက်ရတာ ပန်းတွေနဲ့ပေါက်နေတာမဟုတ်ဘူး။ လက်နက်ခဲယမ်းနဲ့ တိုက်ခိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တခါလေမှာ ကျွန်တော်လို့ လုံးဝမလိုချင်တဲ့အရာပေါ့နော် ပြည်သူလူထု ထိခိုက်တာမျိုးလည်း ရှိနိုင်ကောင်းနိုင်ပါတယ်။”ဟု ကိုနဂါးက ပြောသည်။
အဆိုပါ UG အဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်သာယာရပ်ကွက်ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။
#TachileikNewsAgency
Photo : CJ
ချမ်းမြသာစည်မြို့နယ် လဝကရုံးနှင့် ရပ်ကွက်ရုံးကို ဗုံးပစ်တိုက်ခိုက် ဒဏ်ရာရသူရှိ
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024