မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ရေးပစ်မှတ်များအား နွားထိုးကြီး PDF က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄-၁၀)တပ်ရင်း နွားထိုးကြီး PDFက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်းမှ စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား (၄)ဦးကို နွားထိုးကြီး PDF တပ်ဖွဲ့ဝင်များက ဖမ်းဆီးရာ နှစ်ဖက်အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား (၄)ဦးလုံး သေဆုံးခဲ့သည်ဟု ဆိုသည်။။
ထို့နောက် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ နွားထိုးကြီး PDFက ဝက်လူးရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၉)ဦး သေဆုံးပြီး ပဲချက်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်လည်း တိုက်ပွဲဖြစ်သည်ဟု နွားထိုးကြီး PDF က ထုတ်ပြန်သည်။
ထို့အပြင် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် မျက်ရှုကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနှင့် အလောင်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း မလှိုင်မြို့နယ် သုံးထောင်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နွားထိုးကြီး PDF က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား (၂)ဦး သေဆုံးပြီး (၁)ဦးကို ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ထားသည်။
မြင်းခြံခရိုင် အမှတ်(၄-၁၀)တပ်ရင်း နွားထိုးကြီး PDFသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် ခရီးသွားပြည်သူများကို စစ်ရေးဆိုင်ရာ သတိပေးမှုများကို ဆောင်ရွက်ခဲ့သေးသည်။
#TachileikNewsAgency
#TNA_MAT
Photo:နွားထိုးကြီး PDF