မင်းလှမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ ယာယီစခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်

မင်းလှမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ ယာယီစခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်
နိုဝင်ဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယာယီစခန်းအား ရဟတ်ယာဉ်ဖြင့် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ခါချဥ်တောင်ပတ်ကွေ့ကြီးအဆင်း ရှောက်ပင်ချောင်းအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား (၁၀)ဦးဝန်းကျင်နှင့် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)တို့ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၈)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်များ အထိနာသွားသဖြင့် တပ်ဆုတ်နိုင်ရန်အတွက် ဟိုင်းယုလမ်းဆုံရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပေးခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကိုမူ အတည်မပြုနိုင်သေးပါ။

ရှောက်ပင်ချောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာသွားသဖြင့် ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)၏ ယာယီစခန်းအား ရဟတ်ယာဥ်မှ စက်သေနတ်ဖြင့် လာရောက်ပစ်ခဲ့သည်ဟု ဆိုသည်။

လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ အထိအခိုက်မရှိခဲ့ဟု သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၄)ရက်နေ့ကလည်း မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ဟိုင်းယုလမ်းဆုံမှ တက်လာသည့် အင်အား(၄၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)တို့ အင်တိုင်းကုန်း၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

#TachileikNewsAgency