ပဲခူးတိုင်း ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းနားရှိ လက်ပန်ရွာမှ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်လိုက်ကြောင်း သိရသည်။
လက်ပန်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် အောင်ကြီးဆိုသူ၏ နေအိမ်ကို ယမန်နေ့ ၂၀၂၅ခုနှစ် မတ်လ(၁၈)ရက်နေ့ ညနေပိုင်းက တောင်ညိုစစ်ကြောင်းသည် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား(၂)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရ၍ မြစ်ကျိုးဆေးရုံမှ တောင်ငူဆေး ရုံသို့ ပို့လိုက်ရသည်ဟု သိရသည်။
“ဒရုန်းနဲ့ ဗုံးသီးချပြီးနောက် လူနာတင်ကား(၃)စီးနဲ့လာ သယ်သွားတယ်။ ပြီးတော့ မြစ်ကျိုးဆေးရုံကို လှမ်းပို့တယ်။ ဖရဲသီးက (၇)ဦး ထိခိုက်တယ်လို့ သတင်းလှမ်းပို့တယ်ပေါ့နော်။ (၂)ဦးကတော့ ပွဲချင်းပြီးသေတယ်။”ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကို မတ်လ(၁၉)ရက်နေ့တွင် ပြောသည်။
ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းနားရှိ ကျေးရွာများတွင် လက်ပန်ကျေးရွာသည် ပျူစောထီး အင်အားကောင်းသော ရွာဖြစ်ပြီး ပျူစောထီးတပ်ဖွဲ့ဝင် အင်အား(၃၀)ကျော်ရှိကာ ပျူခေါင်းဆောင် အောင်ကြီးမှာလည်း PDF ရဲ ဘော်များကို စိန်ခေါ်နေထားသူဟု ဆိုသည်။
“အဲဒီနေအိမ်က စစ်တပ်အမြဲတမ်း အခြေချတဲ့အိမ်ပေါ့။ အဲဒီအိမ်မှာ ဂျန်ပါတပ်ထားတယ်။ လက်နက်ကြီးတွေလည်း ဖြုတ်ပြီးတော့ သိမ်းထားတယ်။ ပစ်တော့မှ လက်နက်ကြီးကိုယူပြီး ဘုန်းကြီးကျောင်းမှာ အထိုင်ချပြီး ပစ်တာ။ PDF ရဲဘော်တွေကို လာရဲရင်လာခဲ့လိုက် အကုန်မသာပေါ်ကုန်မယ်ဆိုပြီး စိမ်ခေါ်ထားတာ။”ဟု ၎င်းက ဆက်ပြောသည်။
ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများသည် အဆိုပါအိမ်တွင် ညနေပိုင်းတန်းစီ၍ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်သော နေရာဖြစ်သည်ဟုလည်း ဆိုသည်။
ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် လက်ပန်ရွာအနီးရှိ မြစ်ကျိုး၊ ဆင်ရွာတို့ကို ပဲခူးမြို့နယ် အမှတ်(၉၀၁)အမြှောက်တပ်မမှ လက်နက်ကြီးများတပ်ဆင်၍ လုံခြုံရေးအင်အားထပ်ဖြည့်ထားသည့် တော်လှန် ရေးတပ်ဖွဲ့က ဆိုသည်။