လောင်းလုံမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုမှ ဝင်ရောက်တိုက်ခိုက်

လောင်းလုံမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုမှ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစောထီးများအား ဝင်ရောက်တိုက်ခိုက်ကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀)နာရီတွင် လောင်းလုံမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစောထီးအဖွဲ့ စုဝေးနေစဉ် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ပြီး ပျူစောထီးခေါင်းဆောင် စိုးသန်းအပါအဝင် အဖွဲ့ဝင်များအားလုံး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယပစ်မှတ်အနေဖြင့် ပျူစောထီးကြယ်ဖြူ၏ နေအိမ်ကို ထပ်မံဝင်ဝိုင်းစဉ် ၎င်းသည် အိမ်ပေါ်မှ ခုန်ချကာ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေထဲခုန်ချကာ ကူးခတ်ပြီး တဖက်ကမ်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကြယ်ဖြူ၏ အမျိုးသမီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရပြီး ၊ နေအိမ်အား မီးရှို့ရှင်းလင်း၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ပျူစောထီးကြယ်ဖြူနှင့် ၎င်း၏ အမျိုးသမီးသည် စစ်ကောင်စီ၏ အမာခံထောက်တိုင်များဖြစ်ပြီး ကြယ်ဖြူသည် လောင်းလုံးမြို့နယ် ညောပြင်ရွာအား စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စဉ် ထိပ်ဆုံးမှ ပါဝင်ခဲ့သူဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားစဉ် စစ်ကောင်စီမှ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးအင်အားစုများအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ လိပ်ပြာတပ်စု၊ ဂဠုန်အုပ်စုနှင့် ကင်းမှီးကောက်ပြောက်ကျားတပ်စုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency