အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ ကျင်းပမည့် ချင်းအမျိုးသားနေ့ အခမ်းအနားအား ပူးပေါင်းပါဝင်သူများကို အမျိုးသားသစ္စာဖောက်များအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် သတိပေးလိုက်သည်။
အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အား မင်းတပ်မြို့ပေါ်တွင် ကျင်းပမည်ဟု သိရသဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယင်းသို့ သတိပေးလိုက်ခြင်းဖြစ်သည်။
သတိပေးချက်တွင် အကြမ်းဖက်စစ်အုပ်စု၏ အစည်းအဝေးများ၊ အခမ်းအနားများစသည့် မည်သည့်လုပ်ငန်းစဉ်များတွင်မဆို ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမပြုကြရန်ပါရှိသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီအုပ်စုကျင်းပမည့် ချင်းအမျိုးသားနေ့တွင် စစ်ကြောင်း၊ မျိုးနွယ်စု၊ ယဉ်ကျေးမှုအဖွဲ့စသည့် မည်သည့် ပူးပေါင်း ပါဝင် ပတ်သက်မှုမျှ မလုပ်ရဟု ထုတ်ပြန်ထားသည်။
ပူးပေါင်းပါဝင်သူများအား အကြမ်းဖက်စစ်အုပ်စုဝင် အမျိုးသား သစ္စာဖောက်များ၊ တော်လှန်ရေး ရန်သူများအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်းခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။