"ပြန်လည်စုရုံး(၂)ခြောက်လုံး စည်ကားသပိတ် အကြိုအဖြစ် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်အတွင်း ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ညပိုင်းတွင် မြို့ပြပြောက်ကျားအဖွဲ့များက ဗုံးနှစ်ကြိမ်ခွဲလိုက်သည်။
မြောက်ဒဂုံမြို့နယ်အတွင်း ၇/၈လမ်းဆုံအနီး ကမ္ဘာ့ရတနာဘဏ်ရှေ့ ပြည်ထောင်စုလမ်းမကြီး၏ လမ်းလယ်ကျွန်းပေါ်တွင် အဝေးထိန်းဗုံးဖြင့် ည(၈)နာရီဝန်းကျင်အချိန်က ဖောက်ခွဲရာ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်များ ရောက်လာချိန်တွင် ဒုတိယအကြိမ် ဗုံးထပ်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများရှိသွား၍ ထုံးစံအတိုင်း သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သည်။
နှစ်ကြိမ်တိုင်တိုင် ဗုံးခွဲခံလိုက်ရသည့်အတွက် စစ်ကောင်စီတပ်က အသံမိုင်းတစ်လုံးကို ပစ်ဖောက်ကာ ခြောက်လှန့်ကြောင်းလည်း သိရသည်။
ဗုံးဖောက်ခွဲမှုကို Dictator Revolt Front နှင့် မဟာမိတ်ဖြစ်သည့် The Boys LPDF တပ်ဖွဲ့တို့ပူးပေါင်းပြီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။