စစ်ကောင်စီတပ်၏  မုံရွာအခြေစိုက် နမခကို ဒေသတော်လှန်ရေး ၅ ဖွဲ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ်၏  မုံရွာအခြေစိုက် နမခကို ဒေသတော်လှန်ရေး ၅ ဖွဲ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ်၏ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးဖြင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ကြကြောင်း  Brave Warriors for Myanmar (BWM)က သတင်းထုတ်ပြန်သည်။

ဒေသတွင်းတော်လှန်ရေးအဖွဲ့များဖြစ်ကြသည့် Brave Warriors for Myanmar (BWM)၊ Freedom Revolution Force (FRF)၊ Yan Gyi Aung(ဘုတလင်)၊ Shadow (မုံရွာ)နှင့်  Democratic Rangers အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မတ်လ(၂၃)ရက် ည(၉)နာရီခွဲကျော်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က နမခအတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံးနှင့် MI-17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို (၁၀၇)မမ ရှော့တိုက်ဒုံး(၃)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးမှုအခြေအနေများကို မသိရပါ။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီတပ်များကို စစ်ရေးကွပ်ကဲမှုပေးနေသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ပစ်မှတ်ထားတိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်ကို တွေ့ရသည်။

#TachileikNewsAgency

Photo:Brave Warriors for Myanmar (BWM)