စာရေးဆရာအကြည်တော်၏ ဈာပန

စာရေးဆရာအကြည်တော်၏ ဈာပန
နိုဝင်ဘာ 11, 2022 | အခြားဒေသများ

 စာရေးဆရာ အကြည်တော်(ခ)စောကြည်ဖြူ၏ စျာပန အခမ်းအနားကို ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့၏ ညနေ(၃)နာရီက ရန်ကုန်ရှိ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ကြသည်။ 

အသက်(၅၁)နှစ်ရှိ စာရေးဆရာအကြည်တော်သည် ၂၀၂၂ခုနှစ် စက်တင်ဘာလ၏ နောက်ဆုံးပတ်အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့  သွားရောက်ဆေးကုသမှုခံယူခဲ့ရပြီးနောက် အောက်တိုဘာလ (၁၃)ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

ယင်းနောက် ရုတ်တရက်ကျန်းမာရေးဆိုးရွားလာသဖြင့် ပင်လုံဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရင်းမှာပင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ 

စာရေးဆရာအကြည်တော်သည် ၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အကြည်တော်အမည်ဖြင့် လုံချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။

ဆရာအကြည်တော်၏ နာမည်ကျော်ဝထ္ထုများမှာ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်ရေ ပျော်ရဲ့လား (ပြုံးရွှင်သည် ငိုတတ်သည်)၊ ဘီလူး စသည့်ဖြင့် ဝထ္ထုစာအုပ်ပေါင်း (၈၀) မှ (၁၀၀)ဝန်းကျင်အထိ  ရေးသားခဲ့ကာ ရုပ်ရှင်ပြန်လည်ရိုက်ကူးရသည်အထိ အောင်မြင်ခဲ့သူ ဖြစ်သည်။

၎င်းသည် မကွယ်လွန်မီ လအနည်းငယ်ကအထိ ကိုယ်တိုင်ရွတ်ဆိုထားသည့် ကဗျာ နှင့် ဂီတ ပေါင်းစပ်ထားသော ကဗျာဂီတ အယ်လ်ဘမ်ကိုလည်း ထုတ်ဝေခဲ့သေးသည်။ 

 

Photo: သန်းဇော်လတ်၊ ကောင်းမြတ်သူ၊ စစ်အောင်၊ နာရေးကူညီမှုအသင်း-ရန်ကုန်