ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး နေအိမ် ၁ လုံး ပျက်စီး 

ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး နေအိမ် ၁ လုံး ပျက်စီး 

ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁)ဦး သေဆုံးပြီး နေအိမ် (၁)လုံး ပျက်စီးကြောင်း KNU ဗဟိုမှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒူးပလာယာ (ကော့ကရိတ်) ခရိုင် ကျုံဒိုးမြို့နယ်အတွင်း အောက်တိုဘာလ (၁၈)ရက်နေ့ နေ့လယ် (၁)နာရီခန့်တွင် စစ်ကောင်စီ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၂၃၁ တပ်ရင်း လက်အောက်ရှိ တပ်သစ်အမြှောက်ကုန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ကျေးရွာများအတွင်းသို့ ပစ်မှတ်ထား ပစ်ခတ်ခဲ့ရာ တောင်ကြာအင်း ကျေးရွာအတွင်းသို့ (၃)လုံး နှင့် မြောက်ကြာအင်းကျေးရွာအတွင်းသို့ (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ကြာအင်းကျေးရွာနေ ဦးဖိုးအို (၇၁) နှစ်မှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး မြောက်ကြာအင်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲသော လက်နက်ကြီးများကြောင့် ကျေးရွာနေ ဦးဖိုးသိန်း (၇၀)ကျည်စထိမှန် ဒဏ်ရာရရှိကာ ၊ ဒေသခံများ၏ နေအိမ် (၁)လုံး ထိမှန်ပျက်စီးခဲ့ပြီး ကွမ်းသီးပင်များလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ (၆)အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များသည် လက်နက်ကြီးနှင့် လေယာဉ်များဖြင့် အသုံးပြု၍ တိုက်ပွဲဖြစ်ပွားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူနေထိုင်သည့် ကျေးရွာများသို့ ရမ်းသမ်း၍ သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း ဗုံးကြဲပစ်ခတ်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လူသားမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိမှန်သေဆုံး ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းများလည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရသည့်အပြင် ၎င်းတို့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် ဘာသာရေးအဆောက်အဦးများလည်း ထိမှန် ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း ဒေသခံ (၂၁၀,၂၆၅)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU