အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်၏ အထိုင်ချစခန်း (၄)ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ကြောင်း တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရေးမြို့မြောက်ပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှ ကမော့ကနင် လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင် မိုက်ကရိုဝေး တာဝါတိုင်တပ်စခန်း၊ ဖာပွန်မြို့နယ် ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်းတို့အား တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၍ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း တောင်ပိုင်းစစ်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၆၂)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် (၈၂)ကြိမ်နှင့်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅၁)ဦး သေဆုံး၍ (၈၉)ဦး ဒဏ်ရာရသည်ဟု အတည်ပြုနိုင်ခဲ့ပြီး ၊ ပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာသူ (၅)ဦးရှိကာ ၎င်းတို့အား ကောင်းမွန်စွာ ကြိုဆို၍ စောင့်ရှောက်ထားရှိကြောင်း တောင်ပိုင်းစစ်ဒေသက ဆိုသည်။
တိုက်ပွဲများမှ ၁၂၀ မမ ၊ ၈၁ မမ ၊ ၆၀ မမ စိန်ပြောင်းများ အပါအဝင် အခြားလက်နက်ငယ်အချို့ နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် တစ်လတာအတွင်း စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၂၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၄၈)ဦးနှင့် မတရားဖမ်းဆီးခံရသူ (၃၄၉)ဦးရှိကြောင်း သိရသည်။
တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး-NMSP AD၊ ထားဝယ်ပြည်သူ လွတ်မြောက်ရေးတပ် TPLF၊ အခြား ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ၏ စစ်ရေးလှုပ်ရှားသည့် နယ်မြေများထဲတွင် ပဲခူးတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်သည်။
#TachileikNewsAgency
#TNA_LE
Photo:PDF Southern Military Region (ပုံဟောင်း)