၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ဆယ့်တစ်လတာအတွင်း အကျဉ်းထောင်များအတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ၍ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး (၂၀)ဦး သေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့ထံမှ သိရသည်။
အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် သေဆုံးသူများထဲတွင် နိုင်ငံရေးအကျဉ်းသား (၁၈)ဦးနှင့် နိုင်ငံရေးအကျဉ်းသူ (၂)ဦး ပါဝင်ကြောင်း သိရသည်။
ဆယ့်တစ်လတာအတွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် စက်တင်ဘာလ (၂၇)ရက်နေ့က ထားဝယ်အကျဉ်းထောင်အတွင်း၌ လေဖြတ်သွားခဲ့ပြီး ထောင်တွင်း ဆရာဝန်အင်အားလောက်ငှမှုမရှိ၍ ထောင်ပြင်ပသို့ ပို့ဆောင်ကုသမှုခံယူရာတွင် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦးလည်း ပါဝင်သည်။
နိုင်ငံရေးအကျဉ်းသားများအပေါ် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်းသည် အကျဉ်းဦးစီးဌာနအနေဖြင့် တစ်ဖက်လှည့်ဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်များကို သေဆုံးအောင် ပိတ်ဆို့တားဆီးသတ်ဖြတ်နေခြင်းပင်ဖြစ်ကြောင်း PPNM က အသိပေးထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
#TachileikNewsAgency
Photo: Internet (ပုံဟောင်း)