သတ်ဖြတ်ခံရသည့် ဗျိုင်ဖြူရွာသား ၇၆ ဦးအထိရှိလာ

သတ်ဖြတ်ခံရသည့် ဗျိုင်ဖြူရွာသား ၇၆ ဦးအထိရှိလာ

ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာတွင် သတ်ဖြတ်ခံရသည့် ဒေသခံ(၇၆)ဦးအထိရှိလာပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA)က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် မေလ (၂၉)ရက်နေ့မှစတင်ပြီး (၄)ရက်အတွင်း သတ်ဖြတ်ခံရသူ(၅၀)ဦးကျော်ရှိရာက ဇွန်လ (၄)ရက်နေ့ နောက်ဆုံးရရှိထားသော သတင်းများအရ မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆)ဦးထိရှိလာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

အဆိုပါဒေသခံများကို စစ်ကောင်စီနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ALP ကမူ သတ်ဖြတ်မှုတွင် ၎င်းတို့မပါဝင်ကြောင်း ယမန်နေ့က ထုတ်ပြန်ရှင်းလင်းထားပြီး AA ကမူ လက်တုန့်ပြန်မည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒစကမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ တခြားသော တပ်ရင်းတချို့မှ ထုတ်နှုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် မွတ်ဆလင်တပ်ဖွဲ့ဝင်များ အင်အား(၁၇၀)ဝန်းကျင်သည် ဗျိုင်ဖြူကျေးရွာအား ပိတ်ဆို့ဖြတ်တောက်ပြီး ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသားနှင့် အမျိုးသမီး တယောက်မကျန် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် လက်နောက်ပြန်ကြိုးတုပ်ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာမပေးဘဲထားခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်သွားသည်ဟု သိရသည်။

၎င်းတို့သည် ဒေသခံ(၅၀)ဦးကျော်ကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း၊ ထောင်နှင့်ချီသော ပြည်သူများအား ဓားစာခံအဖြစ်ပြုလုပ်ခြင်း၊ ရွှေ၊ ငွေနှင့် အဖိုးတန်ပစ္စည်းများအားယူဆောင်ခြင်း၊ နေအိမ်တချို့အား မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency