သူရဦးတင်ဦး ကွယ်လွန်

သူရဦးတင်ဦး ကွယ်လွန်
မေ 31, 2024 | 2021 Military Coup

ကျန်းမာရေးစိုးရိမ်ရသဖြင့် ဆေးကုသမှုခံယူနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက သူရဦးတင်ဦးသည် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

သူရဦးတင်ဦးသည် အသက်(၉၈)နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် မေလ (၂၉)ရက်နေ့တွင် ရန်ကုန်ဆေးရုံ၊ နှလုံးကုသဆောင်သို့ ပို့ဆောင်ခဲ့ရကာ ယင်းမှတဆင့် အထူးကြပ်မတ်ဆောင်ကို ပြောင်းရွှေ့ခဲ့ရသည်။ 

"သစ္စာရှိ တပ်မှူးကောင်းကြီး နိုင်ငံရေးမှာလည်း (ပြည်သူအပေါ်မှာ၊ ပါတီအပေါ်မှာ ခေါင်းဆောင်အပေါ်မှာပါ) တာဝန်ကျေ သစ္စာရှိလွန်းတဲ့ အဘ ဦးတင်ဦး - မြင့်မြတ်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။"ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

သူရဦးတင်ဦးသည် ၂ဝ၁၇ ခုနှစ်ကစတင်၍ လေဖြတ်ဝေဒနာ ခံစားနေရခြင်းဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ကျန်းမာရေးကြောင့် ဆေးရုံတင်ခဲ့ရစဉ် ရွှေညဝါဆရာတော်က လာရောက် တွေ့ဆုံခဲ့သည်။

သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားသူဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၌ ဦးဆောင်ပါဝင်ခဲ့သည့် ကာချုပ်တစ်ဦးလည်း ဖြစ်သည်။

#TachileikNewsAgency