မတူပီမြို့သိမ်းတိုက်ပွဲမှ CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားပြီး ချင်းညီနောင်မှ မတူပီမြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဟုဆို

မတူပီမြို့သိမ်းတိုက်ပွဲမှ CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားပြီး ချင်းညီနောင်မှ မတူပီမြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဟုဆို

ချင်းညီနောင်စစ်ဆင်ရေး မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့် CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များ

ပြန်လည်ဆုတ်ခွာသွားပြီး ချင်းညီနောင်အနေဖြင့် မူလရည်မှန်းချက်အတိုင်း မတူပီမြို့နယ်တစ်ခုလုံးအား သိမ်းပိုက်နိုင်ရေး

အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချင်းညီနောင်စစ်ဆင်ရေး မတူပီမြို့သိမ်းတိုက်ပွဲအတွင်း လာရောက်နှောင့်ယှက်ခဲ့ကြသည့် CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များအား ၂၀၂၄ ခုနှစ် ဇွန်လ (၂၄) ရက် ညနေပိုင်းတွင် မောင်းထုတ်နိုင်ခဲ့ပြီး မူလစစ်ဆင်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွဲနေကြောင်း ချင်းညီနောင်အဖွဲ့မှ ဆိုသည်။

ချင်းညီနောင်အနေဖြင့် ခလရ (၁၄၀)နှင့် မတူပီဗျူဟာကုန်းရှိ ကာကင်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ မတူပီမြို့နယ်တစ်ခုလုံးအား သိမ်းပိုက်နိုင်ရေးဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ ၎င်းတို့စခန်းချတပ်စွဲခဲ့သည့် ငလိုင်နှင့် ဖနိုင်အကြား တောင်ကြောအနီးတဝိုက်တွင် မြေမြှုပ်မိုင်းအများအပြား မြှုပ်နှံထားခဲ့ပြီး ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များမှ အဆိုပါမြေမြှုပ်မိုင်းများကို အသေးစိတ်ရှင်းလင်းခြင်း မပြုလုပ်နိုင်သေးမီကာလအတွင်း မတူပီဒေသခံများအနေဖြင့် အဆိုပါနေရာများကို သွားလာခြင်းမပြုရန် ချင်းညီနောင်မှ အသိပေးထားသည်။

ထို့အပြင် မတူပီမြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကိုလည်း သတိပြုကြရန် ချင်းညီနောင်မှ အသိပေးသည်။

ချင်းညီနောင်၏ အဆိုပါထုတ်ပြန်ချက်နှင့်ပက်သက်ပြီး CNF/CNA ဘက်မှ တစ်စုံတစ်ရာ ပြန်လည်အသိပေး ထုတ်ပြန်ထားခြင်း လက်ရှိအချိန်အထိ မရှိသေးပေ။

ချင်းပြည်ကောင်စီမှ ချင်းပြည်အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသည့် ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် နေရာများတွင် ချင်းညီနောင်အနေဖြင့် အဟန့်အတားမပြုလုပ်ရန်နှင့် ချင်းပြည်ကောင်စီအနေဖြင့် ခလရ (၁၄၀)နှင့် ဗျူဟာကုန်းကို အမြန်ဆုံးသိမ်းပိုက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ (၁၈)ရက်နေ့က နောက်ဆုံး သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency