နိုင်ငံတကာ၏ မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာပြည်သူလူထု၏ ဆန္ဒ အကျိုးစီးပွားနှင့်အညီသာ ဖြစ်သင့်ကြောင်း NUG တိုက်တွန်း

နိုင်ငံတကာ၏ မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာပြည်သူလူထု၏ ဆန္ဒ အကျိုးစီးပွားနှင့်အညီသာ ဖြစ်သင့်ကြောင်း NUG တိုက်တွန်း

နိုင်ငံတကာ၏ မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာပြည်သူလူထု၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီသာ ဖြစ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်တွင် တိုက်တွန်းပြောဆိုသည်။

နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန် ကြိုးစားရာတွင် သက်ဆိုင်ရာ ( Stakeholders ) များ အားလုံးကို ထိတွေ့ရန် အရေးကြီးပြီး ၊ သက်ဆိုင်ရာ ( Stakeholders ) များနှင့် ယုံကြည်မှု ပျက်ပြားစေမည့် လုပ်ရပ်များကို သတိထား ရှောင်ကျဉ်စေလိုကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဆိုသည်။

“ဒီ ကြိုးပမ်းလုပ်ဆောင်မှုတွေဟာ ကျနော်တို့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒ ၊ အကျိုးစီးပွားနဲ့ အညီ ဖြစ်သင့်ပါတယ်။  ဒီလိုမှမဟုတ်ရင် ဒီလုပ်ငန်းစဉ်တွေကို စစ်အာဏာရှင်က သူတို့တွေ အမြဲလုပ်ခဲ့သလို သူတို့ရဲ့ အကျိုးအမြတ်အတွက် ကြိုးကိုင်ချယ်လှယ်ပြီး အဆုံးမှာ မြင်သာ၊ ထင်သာတဲ့ ရလာဒ်တွေ ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။”ဟု ဦးကျော်ဇောက ပြောသည်။

နိုင်ငံတကာခုံရုံး ICC တွင် တရားခံအဖြစ် တရားရင်ဆိုင်ရရန် နီးကပ်လာသည့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင် အပေါင်းအပါများကို ၎င်းတို့ အလွန်တောင့်တနေသည့် တရားဝင်မှုအား နိုင်ငံတကာအနေဖြင့် မပေးမိရန် ဦးကျော်ဇောက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် ဖြစ်နိုင်ချေရှိသည့် အဖြေကို ရှာဖွေရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း ဦးကျော်ဇောက ဆိုသည်။

စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ၊ ဗြိတိန် ၀န်ကြီးဟောင်း (၃)ဦး တို့မှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခြင်းအပေါ် ကျေးဇူးတင်ကြောင်းလည်း ၄င်းက ဆိုသည်။

ဒီဇင်ဘာလ (၁၉)ရက်နေ့က ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ တွေ့ဆုံဆွေးနွေးမှုတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားဆွေးနွေးမှုသည် ပြဿနာကို မပြေလည်စေဘဲ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကို ပိုမိုဆိုးဝါးလာအောင် အားပေးသလိုဖြစ်မည်ကို စိုးရိမ်ကြောင်းကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက အသိပေး ပြောဆိုခဲ့သည်။

#TachileikNewsAgency

#TNA_LE

Photo: National Unity Government of Myanmar