ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ရိုးမတောင်တန်းတလျှောက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ရိုးမတောင်တန်းတလျှောက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် အပူပိုင်းမုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာပြီး ၎င်း၏အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ရိုးမတောင်တန်းတလျှောက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ သိရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်ပိုင်း ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် အပူပိုင်းမုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာကာ အနောက်-အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားလျက် ရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက် လေဖိအားမှာ တစ်နာရီလျှင် မိုင် (၄၀) မှ မိုင် (၆၀) ခန့်အထိ တိုက်ခတ်နိုင်ပြီး လာမည့် (၂၄) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိနိုင်ပြီး အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် အောက်တိုဘာလ (၂၅) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျောက်တွင် လှိုင်းကြီးခြင်းမှ လှိုင်းအလွန်ကြီးခြင်းဖြစ်ပေါ်နိုင်ပြီး လေတိုက်နှုန်းမှာလည်း တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ရိုးမတောင်တန်းတလျှောက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၂၅)မိုင်မှ မိုင် (၄၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှုအနေဖြင့် နိုင်ငံအနှံ့ နေရာအနှံအပြားတွင် မိုးရွာသွန်းနိုင်ပြီး အထူးသဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မြေလတ်ဒေသများနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သဖြင့် နောက်ဆက်တွဲ ရေကြီးခြင်းနှင့် မြေပြိုမှုဘေးအန္တရာယ်ကို အထူးသတိပြုနေထိုင်သင့်ကြောင်း သိရသည်။

မြန်မာ့ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကမ်းနီးကမ်းဝေးရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ကြောင်းကိုလည်း မိုးလေဝသပညာရှင်များက တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency

Photo: Ministry of Humanitarian Affairs and Disaster Management - NUG