ပင်လည်ဘူးတိုက်ပွဲ တစ်လကျော်ကြာနေပြီဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်းအားကိုး ဗုံးကြဲနေ

ပင်လည်ဘူးတိုက်ပွဲ တစ်လကျော်ကြာနေပြီဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်းအားကိုး ဗုံးကြဲနေ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့တွင် ရဟတ်ယာဉ် (၈)စီးဖြင့် လူအင်အားဖြည့်တင်းပြီး လေကြောင်းမှလည်း တစ်နေကုန် ဗုံးကြဲတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲပြင်းထန်နေသည့် ပင်လည်ဘူးမြို့ကို မုံရွာ နမခ မှ Mi-17 လေယာဉ်(၈)စီးဖြင့် အင်အား ဖြည့်တင်းပြီး တိုက်လေယာဉ်၊ Mi-35၊ Y-12 တို့ဖြင့် တစ်နေကုန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

“ဒီနေ့ စစ်ခွေးတွေက ရဟတ်ယာဉ်(၈)စင်းနဲ့ ခွေးကူလာချပြီး လေကြောင်းတိုက်ခိုက်မှုကတော့ တနေကုန် နီးပါးပါပဲ။ ဂျက်ဖိုက်တာ၊ Y-12၊ Mi-35 တွေနဲ့ကို အလှည့်ကျတိုက်ခိုက်နေတာပါပဲ။ တော်လှန်ရေးအဖွဲ့တွေလဲ စစ်ခွေးတွေကို တိုက်ခိုက်နေရဆဲပါဗျ။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

နံနက်ပိုင်းကစတင်ကာ ပင်လည်ဘူးမြို့ကို စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ယာဥ်၊ ဂျက်ဖိုက်တာများ၊ Y-12 ဗုံးကြဲလေယာဥ်များဖြင့် တစ်နေကုန်ဗုံးကြဲနေခြင်းဖြစ်သည်။

ထို့အပြင် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်နှင့် ဝန်းသို ခမရ(၁၂၀)တို့မှနေလည်း ပင်လည်ဘူးမြို့ပေါ်ကို အင်အား နှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု သိရသည်။

“လောလောဆယ် စစ်ရေး ကြမ်းနေလို့ ဒီလောက်ပဲ ပြောနိုင်ပါဦးမယ်ဗျ။ တော်လှန်ရေးအဖွဲ့တွေရထားတဲ့ နေရာတွေကတော့ လုံးဝလက်မလွှတ်တော့ပါဘူးဗျ။ ဆက်တိုက်နေရဆဲပါ။ ရဲစခန်းလည်း တိုက်နေပါတယ်၊ ခွေးကူအဖွဲ့တွေကိုလည်း တိုက်နေပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ပင်လည်ဘူးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၁၅)ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေတပ်အားကိုးဖြင့် ခုခံတိုက်ခိုက်နေကာ စက်တင်ဘာလ (၄)ရက်နေ့တွင် စစ်ကူလာသည့် စစ်ကောင်စီ တပ်သား(၈၀)ကျော်လည်း တော်လှန်ရေးတပ်များထံ လက်နက်ချသွားသည်။

တော်လှန်ရေးတပ်များသည် ပင်လည်ဘူးမြို့နေရာအနှံ့ကို သိမ်းထားပြီးဖြစ်ကာ အဓိကဖြစ်သည့် ကျောက်တိုင်ကုန်း၊ ဘုရားကုန်း၊ မိုးဆုတောင်းဘုရား၊ ရုပ်သံကုန်း စသည့် စစ်ကောင်စီတပ် ခံစစ်နေရာများကို သိမ်းပိုက်ရရှိထားကာ ရဲစခန်းတစ်ခုတည်းသာ ကျန်ရှိတော့သည့် အခြေအနေဖြစ်သည်။

#TachileikNewsAgency