မြိုင်မြို့နယ်တွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

မြိုင်မြို့နယ်တွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာ ပျူစောထီးစခန်းမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့မှ ဩဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းအထိ (၃)ရက်ကြာ တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းက ကန်နီရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၂)၊ တပ်ခွဲ(၃)မှ ကင်းပုန်းဝပ်စောင့်ပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး ပြန်လည်ဆုတ်ခွါသွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် လက်ထုပ်တောရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် ဆိုင်ကယ်(၈)စီးနှင့် နေအိမ် (၂)လုံးအား မီးရှို့ဖျက်စီးပြီး နွား(၆)ကောင်ကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။ 

ယင်းနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းကာ အင်အား (၆၀)ဖြင့် ပြန်လည်စစ်ကြောင်းထိုးလာခဲ့ရာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၂)၊ တပ်ခွဲ(၃)ဘက်မှ ပြန်လည်ဆုတ်ခွာနေချိန်ဖြစ်၍ အင်အာနည်းနေသောကြောင့် ရဲဘော်(၆)ဦးသာ ခံပစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့နောက် ဩဂုတ်လ (၁)ရက်နေ့၊ ည (၁၂)နာရီတွင် ဗိုလ်လင်းယုန်အဖွဲ့ ဦးဆောင်ပြီး ဗိုလ်လင်းယုန်အဖွဲ့၊ မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၂)၊ တပ်ခွဲ(၃)၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး Droneတပ်ဖွဲ့ - Myaing U.A.V Fighter၊ Salingyi Special Task Force-SSTFနှင့် မြိုင်မြို့နယ် တော်လှန်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကန်နီရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ (၂)ရက်နေ့ မနက်(၂)နာရီအထိ တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo : မြိုင် ပကဖ