စစ်ကောင်စီ၏ ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရသည့် မတ္တရာ အနောက်ဘက်ခြမ်းမှ ကျေးရွာများကို မန္တလေး PDF ပြန်သိမ်း

စစ်ကောင်စီ၏ ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရသည့် မတ္တရာ အနောက်ဘက်ခြမ်းမှ ကျေးရွာများကို မန္တလေး PDF ပြန်သိမ်း

စစ်ကောင်စီ၏ ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရသည့် မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတချို့အား ပြန်လည်သိမ်းပိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြို့ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရသည့် ကျေးရွာတချို့အား ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုးစစ်စတင်ပြီး (၃)ရက်အကြာတွင် မတ္တရာမြို့ အနောက်ဘက်ခြမ်းရှိ ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနှင့် ထိန်ပင်စောက်ကျေးရွာတို့အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆိုသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက “၁၀၂၇ စစ်ဆင်ရေး အပိုင်းနှစ်” နှင့်အတူ ၂၀၂၄ ခုနှစ် ဇွန်လ (၂၅)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးကာလ တစ်လကျော်အတွင်း စစ်ကောင်စီတပ်စခန်း (၃၅)ခုအား သိမ်းပိုက်နိုင်ခဲ့သည်။

မန္တလေးမြို့ကို အနီးကပ်ချိန်းခြောက်နိုင်သည့် မတ္တရာမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နေရာများကို စစ်ကောင်စီမှ ပြီးခဲ့သည့် အောက်တိုဘာလက စတင်ပြီး လက်နက်ကြီး ၊ လေကြောင်းပစ်ကူများနှင့် မြေပြင်စစ်ကြောင်းများ စေလွှတ်၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ကျေးရွာတချို့အား ပြန်လည်သိမ်းပိုက်ထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး တပ်ဖွဲ့ဝင်များ (ပုံဟောင်း)