တောင်ကုတ်မြို့ ကမ်းဒေးရွာကို စစ်ကောင်စီဗုံးကြဲချ စာသင်ကျောင်းပျက်စီး

တောင်ကုတ်မြို့ ကမ်းဒေးရွာကို စစ်ကောင်စီဗုံးကြဲချ စာသင်ကျောင်းပျက်စီး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကမ်းဒေးရွာအတွင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ နေ့လယ်ပိုင်းက လေကြာင်းက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးဖြင့် ကမ်းဒေးရွာကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်မှုကြောင့် ရွာအတွင်းရှိ စာသင်ကျောင်းအနီးသို့ ဗုံးသီးကျရောက်ပေါက်ကွဲကာ စာသင်ကျောင်းပျက်စီးသွားသည်ဟု ဆိုသည်။

“စာသင်ကျောင်းနားကိုကျတာ ကျောင်းတစ်ဆောင်လုံး ပျက်စီးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒီဇင်ဘာလ (၃)ရက်နေ့ကလည်း တောင်ကုတ်မြို့ရှိ ဒေသခံများအားထားရာ မြို့မဈေးနှင့် ညဈေးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသည်။ 

တောင်ကုတ်တမြို့နယ်လုံး၏ အားထားရာဖြစ်သည့် တောင်ကုတ်ချောင်းအနီးရှိ မြို့မဈေးနှင့် ကန်ပိုင်ရပ်ကွက်ရှိ ညဈေးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်။ 

ဒီဇင်ဘာလ (၁)ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်ရှိ ခရိုင်ရွာအတွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရသည်။

 

တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်စခန်းများကို နိုဝင်ဘာလ (၄)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း (၁၇)ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ (၂၄)ရက်နေ့မှစတင်၍ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု AA ဘက်က အသိပေးထားသည်။ 

တောင်ကုတ်မြို့တွင် လက်ကျန်တပ်စခန်းအဖြစ် စကခ (၅)တပ်မဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ်စခန်းများသာကျန်တော့ပြီး AAဘက်က ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။ 

အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်ရှိ မြို့ကြီးများဖြစ်သော ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် သံတွဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency

Photo:CJ