ရေဦးမြို့တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲခံရသည့် ဒေသခံ ၁၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ရေဦးမြို့တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲခံရသည့် ဒေသခံ ၁၃ ဦး ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲထားသည့် ဒေသခံ(၁၃)ဦးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၉)ရက်နေ့ နံနက်ပိုင်းက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၊ ရဲ၊ ပျူ‌စောထီးများနှင့် အုပ်ချုပ်ရေးမှူးများက ရေဦးမြို့ပေါ်ရှိ ရပ်ကွက်များမှ စစ်မှုထမ်းရန် ပေါ်တာဆွဲထားပြီး ရေဦး အထက(၁)၌ ထိန်းသိမ်းထားစဉ် ရေဦးမြို့နယ် ပကဖ က ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရေဦးမြို့ပေါ်မှာ ရပ်ကွက်တွေကနေပြီးတော့ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတယ်ပေါ့နော်။ ပေါ်တာဆွဲပြီးတော့ ရေဦးမြို့ အထက(၁)ထဲမှာ ထားတယ်။ ကျွန်တော်တို့တပ်ရင်းက IO နဲ့ ထောက်လှမ်းရေးအရာရှိနဲ့ ချိတ်ဆက်ပြီးတော့ (၁၃)ဦး ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။"ဟု တပ်ရင်းအမှတ် (၁၄)မှ တပ်ရင်းမှူး ကိုဇွဲက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလကစတင်ပြီး ရေဦးမြို့ပေါ် ရှိဒေသခံများကို စစ်မှုထမ်းရန်ပေါ်တာဆွဲထားသည်မှာ (၃၀)ဦး ကျော်ရှိပြီး ထွက်ပြေးခြင်းနှင့် တော်လှန်ရေးတပ်များ၏ ကယ်ထုတ်နိုင်ခြင်းတို့ကြောင့် (၈)ဦးသာ စာသင်ကျောင်းအတွင်း ကျန်ရှိတော့ကြောင်း သိရသည်။

"အရင်တုန်းကလည်း နည်းနည်းချင်းစီထွက်ပြေးလာတာတွေရှိတယ်ပေါ့နော်။ (၃၀)ဦးကျော်ထဲကမှ (၈)ဦးပဲ ကျောင်းထဲမှာကျန်တော့တယ်။ လွတ်လာသူတွေအများစုက (၃၀)နှစ်ပတ်ချာလည်တွေပါ။ (၃၀)နှစ်အောက်နဲ့ (၃၀)အထက်နည်းနည်းကျော်တာလေးပေါ့။"ဟု ၎င်းက ဆက်ပြောသည်။

လွတ်မြောက်လာသူများကို ပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့ ထိန်းချုပ်နယ်မြေရှိ သက်ဆိုင်ရာ ဆွေမျိုးသားချင်းများထံသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။

"သူတို့က ကျွန်တော်တို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိစပ်နယ်မြေတွေအထိ ထွက်လာကြတာပေါ့။ အရင်တခေါက်ကလည်း သူတို့ကို ထားတဲ့နေရာက စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ပြီး ပေါ်တာဆွဲခံရတဲ့ (၉)ဦးကို ကယ်ထုတ်ပေးခဲ့တယ်။" ဟု ၎င်းကဆက်ပြောသည်။

ယခု စစ်မှုထမ်းရန်ပေါ်တာဆွဲခံရသူ(၁၃)ဦးအား ကယ်ထုတ်ခြင်းမှာ (၄)ကြိမ်မြောက်ကယ်ထုတ်ခြင်းဖြစ်ပြီး လွတ်လာသူအားလုံး လွတ်မြောက်နယ်မြေတွင်ရှိနေသည်ဟု သိရသည်။

"ပေါ်တာဆွဲတဲ့ကိစ္စမတိုင်ခင်က ကျွန်တော်တို့ တပ်ရင်း၊ တပ်ဖွဲ့တွေ အနေနဲ့ တော်လှန်ရေးအင်အားစုထဲကို ဝင်ရောက်ဖို့ ကမ်းလှမ်းတယ်၊ ဖိတ်ခေါ်တယ်။ နောက်ပိုင်း ပေါ်တာဆွဲခံပြီးနောက်ပိုင်းလည်း ထွက်ပြေးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးတာမျိုးတွေရှိတယ်။ ပေါ်တာဆွဲခံရတာကလည်း ပြည်တွေဆိုတော့ ပြည်သူတွေကို ကူညီပေးဖို့အသင့်ပါပဲဗျ။"ဟု ကိုဇွဲက ဆက်ပြောသည်။

စစ်ကောင်စီသည် မြန်မာတနိုင်ငံလုံးရှိ လူငယ်များကို စစ်မှုထမ်းဥပဒေပြဌာန်း၍ စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်နေသည့်အပြင် ကျေးရွာ၊ ရပ်ကွက်များအထိ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency