မင်းတပ်မြို့ကို တစ်နေ့အတွင်း ပေါင်းငါးရာ ဗုံးအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

မင်းတပ်မြို့ကို တစ်နေ့အတွင်း ပေါင်းငါးရာ ဗုံးအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ပေါင် (၅၀၀)ဗုံး (၅)လုံး အပါအဝင် ဗုံးအလုံး (၆၀)ကျော် ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား နိုဝင်ဘာလ (၁၂)ရက်နေ့က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က နေ့လယ်ပိုင်းမှ စတင်ကာ ဂျက်ဖိုက်တာ (၃)စီးဖြင့် ပေါင်(၅၀၀)ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။

ထို့နောက် နှစ်ဘက်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ည(၆)နာရီခွဲခန့်တွင် မင်းတပ်မြို့ အရှေ့ ပြင်ရပ်ကွက် တစ်ဝိုက်တွင် မီးလောင်နေမှုဖြစ်ပွားခဲ့ပြီးနောက် တစ်နာရီခန့်ကြာတွင် စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ် နေရာများကို Y-12 ဗုံးကြဲလေယာဥ်ဖြင့် (၈၀)မမ ဗုံးသီး(၅)လုံး တစ်တွဲဖြင့် အလုံး(၆၀)ကျော် ထပ်မံကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။ 

ထို့အပြင် ည(၈)နာရီကျော်တွင်လည်း မြို့ပေါ်နေရာများကို ပေါင်(၅၀၀)ဗုံး (၂)လုံး ထပ်မံကြဲချ တိုက်ခိုက်သွားသည်ဟု ဆိုသည်။

မင်းတပ်မြို့ပေါ်တွင် ယမန်နေ့က တိုက်ပွဲပြင်းထန်နေချိန်တွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ နာတာရှည်ရောဂါသည်များ၊ ရဟန်းသံဃာတော်များ ပိတ်မိ‌နေခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်းတော့ မြို့တွင်းပိတ်မိနေသူတချို့ ထွက်လာလို့ ရပြီလို့သိရပါတယ်။ မနေ့ည (၁၂)နာရီလောက်မှာ Y-12 လေယာဥ်နဲ့ ရိက္ခာထုတ်တွေချရင်း ကင်းထောက်တာတွေ လုပ်သွားတယ်။ ရဲစခန်းနားတစ်ဝိုက်က နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လိုက်ပြီးမီးရှို့နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း ချင်းညီနောင်မဟာမိတ်တပ်များက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

#TachileikNewsAgency

Photo: CJ