စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်တာဝန်ခံအရာရှိများက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ပြောဆိုမှုများရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများ ကွန်ရက်(PPNM)ထံမှ သိရသည်။
ကလေးအကျဉ်းထောင်တာဝန်ခံအရာရှိများဖြစ်သော အောင်မိုးဟိန်းနှင့် ထောင်လုံခြုံရေးတာဝန်ခံအရာရှိ ဟန်ဝင်းအောင်တို့သည် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှု များပြုလုပ်သည်ဟု ဆိုသည်။
ထောင်ဝင်စာ ဧည့်တွေ့ ပြန်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်သူကို အကျဉ်းထောင်တာဝန်ခံ အရာရှိအောင်မိုးဟိန်းက ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းနှင့်အတူနေရန် ချိန်းဆိုသည့် စကားများပြောကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကျူးလွန်သည်ဟု သိရသည်။
၎င်းကျူးလွန်ခဲ့သည်မှာ ယင်းအမျိုးသမီးတစ်ယောက်တည်းမဟုတ်ဘဲ အခြားနိုင်ကျဥ်းမိသားစုဝင် အမျိုးသမီး များအပေါ်တွင်လည်း ယင်းကဲ့သို့ဆက်သွယ်ကာ နှောင့်ယှက်မှုများကျူးလွန်သည်ဟု ဆိုသည်။
ယင်းထောင်အာဏာပိုင်များသည် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကျူးလွန်ခဲ့ရာ၌ နိုင်ငံရေးအကျဉ်းသားများ၏ အမျိုးသမီးများ၊ မိသားစုဝင်များကို ဦးတည်ပြုလုပ်နေသည်ဟု သိရသည်။
ထို့ပြင် ကလေးအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများမှာလည်း နိုင်ကျဥ်းမိသားစုဝင် အမျိုးသမီးများကို ဆက်သွယ်၍ ၎င်းတို့အတွက် ငွေကြေးအပါအဝင် နာရီအစရှိသည့် အသုံးဆောင်ပစ္စည်းများ၊ ခရီးစရိတ်တောင်းခံခြင်းများလည်း ပြုလုပ်သည်ဟု ဖော်ပြထားသည်။
ကလေးအကျဉ်းထောင်ရှိ နိုင်ကျဉ်းမိသားစုဝင်များအပေါ် ထောင်အာဏာပိုင်များမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် နေမှုများနှင့်ပတ်သက်ပြီး လူ့ကျင့်ဝတ်အရ၊ လူ့အခွင့်အရေးအရ ချိုးဖောက်ခြင်းဖြစ်သဖြင့် အပြင်းအထန်ရှုတ်ချ သည်ဟုလည်း PPNM ကဆိုသည်။
ယခုဖြစ်စဉ်များကို မှတ်တမ်းတင်ထားပြီး အမှန်တရားနှင့် တရားမျှတမှုကိုဖော်ဆောင်သွားမည်ဟုလည်း အသိပေးထားသည်။