ကိုးကန့်တပ်(MNDAA)က လားရှိုးမြို့ကို တိုက်ခိုက်နေစဉ် ရှမ်းမြောက်သို့ ပို့ဆောင်ခံရသည့် တာချီလိတ်အခြေချ စစ်ဗျူဟာမှူးဟောင်း ယာယီဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကို စစ်ကောင်စီစစ်ခုံရုံးက စစ်ဆေးနေသည်ဟု သတင်းထွက်နေပြီး ၎င်း၏ စကခ(၁၄)နေရာကို အခြားတစ်ယောက်နှင့် အစားထိုးလိုက်ကြောင်း တပ်တွင်း သတင်းအရင်းအမြစ်များထံက သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တာဝန်ကျသည့် ဗိုလ်မှူးကြီး သူရဇော်လွင်စိုးကို ၂၀၂၄ခုနှစ် ဇူလိုင်လ ၏ ပထမပတ်အတွင်းက ယာယီဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးပေးပြီး အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှူးအဖြစ် ခန့်အပ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်နှင့် တန့်ယန်းကြား စစ်မျက်နှာပြင်သို့ ပို့ဆောင်ထားရာက လက်ရှိတွင် အစစ်ဆေးခံရခြင်း ဖြစ်ကြောင်း သိရသည်။
“တစ်နှစ်ပြည့်ရင် အပွင့်တင်ရမှာကို လောလောဆယ်တော့ အရံအင်အားသို့မဟုတ် စစ်ဆေးရေး ဝင်နေရပြီဆိုတာတော့ ပြောလို့ရပါတယ်။ နေပြည်တော်ကနေ တိုက်ရိုက်လာ မစစ်သေးဘူး။ လောလောဆယ် တိုင်းစစ်ဌာနချုပ်ကနေ ကိုင်ပြီးတော့ စိစစ်နေတဲ့ သဘောပေါ့။ တိုင်းစစ်ဌာနချုပ်က စစ်ခုံရုံးဥက္ကဌရဲ့ထင်မြင်ယူဆချက်နဲ့တဆင့် နေပြည်တော်ကိုဆက်ပို့ ရမှာပေါ့နော်။”ဟု CDM ဗိုလ်ကြီး ဇင်ယော်က Tachileik News Agency ကို ယနေ့ အောက်တိုဘာလ (၁၆)ရက်နေ့တွင် ပြောသည်။
၎င်းအား လက်ရှိတွင် မိုင်းရယ်မြို့ရှိ ယာယီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေပြုထားသည့်နေရာတွင်သာ စစ်ဆေးရေး ဝင်နေဆဲဖြစ်ကာ ယင်းမှတဆင့် နေပြည်တော်ကို ပို့ဆောင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဗိုလ်မှူးကြီး သူရဇော်လွင်စိုးကို ယာယီဗိုလ်မှူးချုပ်အဖြစ် ရာထူးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာပြင်သို့ စေလွှတ်လိုက်ခြင်းကြောင့် ယနေ့ အထိ တာချီလိတ်စစ်ဗျူဟာတွင် စစ်ဗျူဟာမှူး အတည်တကျ ခန့်ထားနိုင်ခြင်း မရှိသေးဘဲ ယာယီစစ်ဗျူဟာမှူးကိုသာ ခန့်ထားရ၍ ရာထူးနေရာလစ်လပ်နေဆဲ ဖြစ်သည်။
၎င်းအား ခန့်အပ်တာဝန်ပေးလိုက်သည့် အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အခြေချခြင်းဖြစ်သော်လည်း ယာယီဗိုလ်မှူးချုပ် သူရဇော်လွင်စိုးသည် မိုင်းဆတ်သို့ မသွားရောက်ရဘဲ ရှမ်းမြောက် စစ်မျက်နှာပြင်ကို သွားရောက်ခဲ့ရသည်။
လက်ရှိတွင် မိုင်းဆတ်အခြေပြု အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွက် ယာယီဗိုလ်မှူးချုပ် သူရဇော်လွင်စိုး အစား စစ်တက္ကသိုလ်အပတ်စဉ် (၄၃)က ရောက်လာမည်ဖြစ်ကြောင်း သိရသည်၊
"အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွက် သူ့အစား အပတ်စဉ် (၄၃)က လာမယ်လို့ သိရတယ်။ နာမည်တော့ မသိရသေးဘူး။ ဒီလထဲမှာ ရောက်လာမယ်လို့တော့ ကြားပေမဲ့ သေချာတော့ မသိရသေးဘူး။"ဟု မိုင်းဆတ်တပ်နယ်တွင်း သတင်းရင်းမြစ်များထံ ပြောသည်။
စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်အတွက် ဗိုလ်မှူးကြီး တင်ထွန်အောင်အား တာဝန်ပေးသည်ဟု သတင်းထွက်နေခဲ့သော်လည်း လက်ရှိတွင် ခေတ္တစစ်ဗျူဟာမှူးအဖြစ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး၊ ပထမတန်း(ပြည်သူ့စစ်) ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းအား တာဝန်ပေးထားခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် အာဏာသိမ်းကာလအတွင်း စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီး(ဗိုလ်မှူးချုပ်)သော်ဇင်ဦး၊ ဗိုလ်မှူးကြီး(ယာယီဗိုလ်မှူးချုပ်)မင်းမင်းထွန်း နှင့် ဗိုလ်မှူးကြီး(ယာယီဗိုလ်မှူးချုပ်) သူရဇော်လွင်တို့အနက် ဗိုလ်မှူးကြီး(ဗိုလ်မှူးချုပ်)သော်ဇင်ဦးမှာ ရှမ်းမြောက်တိုက်ပွဲအတွင်း လက်နက်ချမှုဖြင့် ထောင်ကျသွားသလို ဗိုလ်မှူးကြီး(ယာယီဗိုလ်မှူးချုပ်)မင်းမင်းထွန်းမှာလည်း ရခိုင်ပြည်နယ်အတွင်း သေဆုံးခဲ့ရပြီး လက်ရှိ ဗိုလ်မှူးကြီး(ယာယီဗိုလ်မှူးချုပ်) သူရဇော်လွင်မှာလည်း စစ်ဆေးခံနေရကြောင်း သတင်းထွက်နေသည်။
ယင်းဖြစ်စဉ်များအရ အာဏာသိမ်းကာလအတွင်း တာချီလိတ်တွင် စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဗိုလ်မှူးကြီးများမှာ ကံဆိုးမှုများနှင့် ရင်ဆိုင်နေကြရသည်။
စစ်ကောင်တပ်၏ စစ်တိုင်း(၁၄)ခုအနက် တတိယမြောက် အကြီးဆုံးဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ဇူလိုင်လ(၂၅)ရက်နေ့တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး လားရှိုးမြို့ရှိ အကျဉ်းထောင်လည်းပွင့်သွားကာ နိုင်ငံရေးအကျဉ်သားများပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။