စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများအား အရေးယူနိုင်ရန် NUG မှ ဒေသတွင်း တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကြိုးပမ်းမည်

စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများအား အရေးယူနိုင်ရန် NUG မှ ဒေသတွင်း တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကြိုးပမ်းမည်

စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများအား အရေးယူနိုင်ရေးအတွက် NUG မှ ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား ဥပဒေအရ အရေးယူပြီး တရားမျှတမှု ပြန်လည် ရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ၂၀၂၄ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်  ပြည်သူလူထုတရပ်လုံးအား စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုဒဏ်မှ ကာကွယ်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပြီး စစ်အုပ်စုက အရပ်သားများကို ရက်စက်စွာ သတ်ဖြတ်နေမှုအပေါ်  ပြင်းထန်စွာ ရှုတ်ချကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဘေးရှိ ဗျိုင်းဖြူရွာကို မေလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့ရှိ ထုတ်နုတ်အင်အားများနှင့် အခြားသော လက်နက်ကိုင်များ ပူးပေါင်းအင်အား (၁၇၀)ကျော်ပါဝင်သည့် စစ်ကြောင်းသည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ 

ထို့နောက် တရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း ပြည်သူ (၅၁)ဦးကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း NUGမှ ဆိုသည်။ 

ဖြစ်စဉ်အတွင်း စစ်အုပ်စုသည် အမျိုးသားများအား ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိန်းကျင့်ခြင်း၊ ရွာသူရွာသား စုစုပေါင်း (၅၁) ဦးကို သတ်ဖြတ်ခြင်း၊ ရွာထဲရှိ ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်စသည့် ပစ္စည်းများကို ခိုးယူခြင်း၊ ဇွန်လ (၁) ရက်နေ့ နေ့လယ် (၂) နာရီခန့်တွင်လည်း အဆိုပါ ဗျိုင်းဖြူကျေးရွာနှင့်ကပ်လျက် မင်းကင်းတောရွာသစ်၊ ရွာဟောင်းတို့အား အကြောင်းမဲ့ မီးရှို့ခြင်းတို့ကို ကျူးလွန်ကာ နောက်ထပ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြကြောင်း သိရှိရသည်။ 

စစ်ကောင်စီသည် မြန်မာပြည်အနှံ့တွင် နေ့စဉ်နှင့်အမျှ စစ်ရာဇဝတ်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေပြီး စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး ၊ လူသားချင်းစာနာထောက်ထားမှုပံ့ပိုးပေးရေး ၊ စစ်အုပ်စုအပေါ်ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရေးတို့ကို ၂၀၂၄ ခုနှစ် မေလ (၂၃)ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့မှ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန ၊ လွတ်တော်အတွင်းဝန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

#TachileikNewsAgency

Photo:NUG