မြင်းခြံ-တောင်သာလမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မြင်းခြံ-တောင်သာလမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံ-တောင်သာလမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား၊ ရဲနှင့် ပျူစောထီး (၂၀)ဦး၀န်းကျင် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Zero ပြောက်ကြားတပ်ဖွဲ့ တပ်ရင်း (၇)ထံမှ သိရသည်။

မြင်းခြံခရိုင် နန်းမြင့်တောင်ကြားတွင် ပိတ်မိနေသည့် မိတ္ထီလာမှ မြင်းခြံသို့ အင်အားဖြည့်တင်းထားသည့် ဗျူဟာစစ်ကြောင်းနှင့် မြင်းခြံမှ ပျူစောထီးများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် နန်းမြင့်တောင်ကြားမှ ထွက်လာစဉ် မြင်းခြံမြို့ တောင်ဘက် (၃)မိုင်အကွာ ယခင် တောင်ရှေ့တိုးဂိတ် အဟောင်း၌ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က အင်အား (၆၀) ကျော် (၁၀၀)၀န်းကျင် ပါတယ်ပေါ့နော် ၊ ဖောကားတစီးနဲ့ အခြားကား (၁)စီး (၂)စီးလာတယ်။ အဲ့မှာ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ အဲ့မှာ ကျနော်တို့ Zero အဖွဲ့ထဲက တိုက်ခိုက်ရေး ကွန်မန်ဒိုအဖွဲ့က လမ်းပေါ်တက်ပြီး RPG သုံးလုံးပစ်တယ်ပေါ့နော်။ ပစ်တဲ့အချိန်မှာ RPG (၂)နှစ်လုံးက ကားတွေကို တည်တည့်မှန်ပြီး လမ်းဘေးကို ထိုးကျသွားတယ်။ အဲ့အချိန်မှာ ခြေမှုန်းရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့တက်ပြီး ချေမှုန်းကြတယ်ပေါ့နော်။ အဲ့မှာ ခွေးတွေက ကစဉ့်ကလျားနဲ့ ပြေးတာလည်းရှိတယ် ၊ သေတာတွေလည်း အများကြီးရှိတယ်။”ဟု Zero ပြောက်ကြားတပ်ဖွဲ့ တပ်ရင်း (၇) ခေါင်းဆောင် ကိုသက်ကြီးက Tachileik News Agency ကို ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂၀)ဦး သေဆုံးကာ MA-1 (၁)လက်၊ MA-3 (၆)လက်၊ G-3 (၃)လက်၊ MA ကျည် (၅၁)တောင့်၊ G-3 ကျည် (၁၅၉)တောင့်၊ 9 Volt ကျည် (၈)တောင့်၊ ကျည်အိမ် (၂၄)ခု၊ Jammer အကြီး (၁)လုံး၊ ကျောပိုး Jammer (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ရှင်းလင်းရေးကို နောက်တစီးကို မလုပ်နိုင်ခဲ့ဘူး။ နောက်တစီးပါ ဆက်ပြီး ရှင်းလင်းရေးလုပ်နိုင်ရင်တော့ ဒီထက်ပိုပြီး အလက်တွေအများကြီး ရမယ်လို့ ခန့်မှန်းတာပေါ့နော်။ ဘာလို့လဲဆိုတော့ အဲ့အချိန်မှာ ကျနော်တို့နဲ့ မြင်းခြံနဲ့က နီးနီးလေးဗျာ ကတ္တရာလမ်းမကြီးကလည်း ဖြူးနေတာဆိုတော့၊ မြင်းခြံဘက်က စစ်ကူအမြောက်အများထွက်တယ်လို့ သတင်းရတာရော ၊ နောက်ပြီးတော့ မြင်းခြံ အထိုင် စစ်တပ် ခမရ (၁၅)ထဲကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာရောပေါ့နော်။ အဲ့ဒါတွေက တိုက်ပွဲဖြစ်တဲ့နေရာကို အနီးကပ်ကို ကျရောက်လာတာဖြစ်တဲ့အတွက် ကျနော်တို့ ကလေးတွေ အန္တရာယ်ဖြစ်မှာ ၊ တစုံတရာထိခိုက်မှာ စိုးတဲ့အတွက် ခွာစစ်အနေနဲ့ ပြောင်းပြီးတော့ ရတဲ့ လက်နက်ကိုပဲ ကောက်ပြီး ပြန်ဆုတ်ခဲ့ပါတယ်”ဟု ကိုသက်ကြီးက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြင်းခြံခရိုင် တပ်ရင်း (၁၊ ၂၊ ၇)တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:NUG Myanmar