မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ နှင့် BGF ပူးပေါင်း စခန်း(ဝင်းတာပန်)ရှေ့မှ ဆိုင်ကယ်မောင်းနှင်လာသည့် ဒေသခံတစ်ဦးကို ဇန်နဝါရီလ(၁၈)ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သဖြင့် ဆေးကုသမှုခံယူနေရကြောင်း KNU က ယနေ့ဇန်နဝါရီလ(၂၀)ရက်တွင် သတင်း ထုတ်ပြန်လာသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ လေးကေကျေးရွာသား အသက် (၂၂)နှစ်ရှိ စောစိုးသူဆိုသူ ဖြစ်ပြီး ဝင်းတာပန် စစ်ကောင်စီ နှင့် BGF ပူးပေါင်းတပ်စခန်းရှေ့မှ ဖြတ်သန်း၍ ဆိုင်ကယ်မောင်းနှင်သွားချိန် နောက်ကျောဖက်မှ သေနတ်ဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ပြီး ညာဖက် ရင်အုံ ထုတ်ခြင်းပေါက် သွားခဲ့ကာ ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်။
စောစိုးသူသည် ယခုအခါ လေးကေဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ကလည်း တပ်မ (၂၂) လက်အောက်ခံ အမှတ်(၂၀၁)ခြေလျင်တပ်ရင်းမှ ဘီးလင်းမြို့နယ်၊ လေးခေါ့ထေကျေးရွာနှင့် ထော်ကလော်ခီး ကျေးရွာကြားတွင်အသက်(၆၀)နှစ် အရွယ်ရှိ အဘွားအိုတစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။