လောက်ကိုင်ကို စစ်ကောင်စီဗုံးကြဲရာ ဟိုတယ်နှစ်လုံးနှင့် နေအိမ်များပျက်စီး

လောက်ကိုင်ကို စစ်ကောင်စီဗုံးကြဲရာ ဟိုတယ်နှစ်လုံးနှင့် နေအိမ်များပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့(MNDAA) သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့ နံနက်(၁)နာရီခွဲ‌ခန့်တွင် ဗုံးကြဲသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗုံးနှစ်လုံးကြဲချရာ ဟွမ်ကျားလိဟွာဟိုတယ်နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ပိုင်ဆိုင်ခဲ့သည့် ဖူလီလိုက် ဟိုတယ်တို့ ထိမှန်ပျက်စီးသည်ဟု သိရသည်။

"ညသန်းခေါင် လူအိပ်ချိန်လာကြဲတာ။ ဟိုတယ်နဲ့ ပတ်ဝန်းကျင်က အဆောက်အဦးတွေပျက်တယ်။ လူတွေရှောင်ကြတာပေါ့။ လူထိခိုက်တာရှိ၊ မရှိတော့ မသိသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

MNDAA တပ်များသည် လားရှိုးမြို့ကို တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ကလည်း MNDAA သိမ်းပိုက်ထားသည့် သိန္နီနှင့် လောက်ကိုင်မြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းပြုလုပ်သည်။

ဇူလိုင်လ (၁၂)ရက်နေ့ကလည်း နံနက်အစောပိုင်းကို သိန္နီမြို့ပေါ်ရှိ အထက(၁)၊ ပညာရေးမှူးရုံးနှင့် ရပ်ကွက်(၃)ရှိ အထက(၂) စာသင်ကျောင်းတို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး(၃)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ပျက်စီးသွားသည်။

ဇူလိုင်လ (၃)ရက်နေ့ ညသန်းခေါင်တွင်လည်း သိန္နီမြို့ပေါ် ရပ်ကွက်(၂)ရှိ ရဲစခန်းအနောက်ဘက်သို့ စစ်ကောင်စီတပ်မှ ဗုံး(၃)လုံး လာရောက်ကြဲချသွားခဲ့ရာ နေအိမ် (၁၀)လုံးထက်မနည်း ပျက်စီးခဲ့သည်။

#TachileikNewsAgency