အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို မှတ်ပုံတင်လက်မှတ်ရရှိမှသာ လုပ်ကိုင်ခွင့်ပြုမည်ဟု စစ်ကောင်စီဆို

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို မှတ်ပုံတင်လက်မှတ်ရရှိမှသာ လုပ်ကိုင်ခွင့်ပြုမည်ဟု စစ်ကောင်စီဆို

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို မှတ်ပုံတင်လက်မှတ်ရရှိမှသာ လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

၎င်းဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၄) ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်သည်ဟု ဆိုသည်။

ယင်းအမိန့်စာကို ထုတ်ပြန်ပြီး(၆)လပြည့်မြောက်သည့် နေ့ရက်မှစပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)အရ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ကြပ်တည်းနေသည့် ပြည်သူကို ထပ်မံအကြပ်အတည်းဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အိမ်ဆိုင်ဖွင့်ကာ အွန်လိုင်းမှ ဈေးရောင်းချသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

"အရာရာ ကြပ်တည်းနေတဲ့ ပြည်သူကို ထပ်ကြပ်တည်းအောင် လုပ်လိုက်တယ်လို့ပဲ မြင်တယ်။ စားဝတ်နေရေးအတွက် အွန်လိုင်းကနေ ရှာဖွေ စားသောက်ရတဲ့ သူတွေကျ အဆင်မပြေနိုင်ဘူးလေ။ ပြည်တွင်းကတော့ ကြပ်သထက် ကြပ်ပါပဲ။ အခုဆို အိမ်ဆိုင်လည်း ပိတ်ရတော့မယ်။ အခုက ဆိုင်ဖွင့်တာကို စည်ပင်ကလုပ်ငန်းလိုင်စင် မရှိလို့ပေး မဖွင့်ဘူး။ လုပ်ငန်းလိုင်စင်လုပ်မယ်ဆိုတော့ မချပေးဘူး။ စျေးပေါ် တက်ဖွင့်ခိုင်းတာ။ ဝန်ကြီးက စျေးပေါ်ပဲ လူစည်စေချင်တာတဲ့  စည်ပင်က လာပြောသွားတယ်။"ဟု ၎င်းက ပြောသည်။

စစ်ကောင်စီထုတ်ပြန်ချက်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းမှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းကို ဆိုလိုသည်ဟု ထုတ်ပြန်ထားသည်။

မှတ်ပုံတင်လျှေက်ထားရာတွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတည်ရှိကြောင်း ထောက်ခံချက်၊ ရောင်းချမည့် ကုန်စည်၊ ဝန်ဆောင်မှုအမျိုးအစားစာရင်း၊ အချက်အလက်နှင့် အာမခံချက်၊ မည်သည့်နိုင်ငံမှ တင်သွင်းကြောင်း ဖော်ပြထားသည့် အချက်အလက်တို့ကိုလည်း ပြသပေးရမည်ဟု ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုသည် စစ်ကောင်စီ၏ ဘဏ္ဌာငွေ နည်းပါးလာခြင်းကြောင့် အွန်လိုင်းစနစ်မှ ဈေးရောင်းချသူများကို အခွန်ပိုကောက်ယူခြင်းဖြစ်သည့်အပြင် အွန်လိုင်းဈေးရောင်းချသူ များပြား လာသဖြင့် ထိန်းချုပ်ခြင်းလည်းဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

"အခုချိန်မှာလုပ်တာကျတော့ အထင်ပြောရရင် ပိုက်ဆံရှာချင်လို့ပဲမြင်တယ်။ အခွန်ပို ကောက်ချင်တာပေါ့။ ရွှေထည်နဲ့ရတနာပစ္စည်းတွေ live sales ရောင်းချနှုန်းတွေက နည်းတာမှ မဟုတ်တာ။ အဲ့တာတွေအပေါ် အခွန်အခပိုရချင်လို့ဆိုတာ သိသာနေတာပဲ။ စစ်ကောင်စီက ပြည်ပဝင်ငွေရှားလာချိန်မှာ ပြည်တွင်း လည်ပတ်မှုကြီးကြီးမားမားကိုချုပ်ကိုင်လိုက်ချင်တာပဲ။ ဒါက ငွေလိုနေတယ်ဆိုတာပြတာပဲ။" ဟု ၎င်းကပြောသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတစ်ဆင့် နိုင်ငံရေးကို ရည်ရွယ်၍သော် လည်းကောင်း၊ အများပြည်သူ၏ တည်ငြိမ်အေး ချမ်းရေးနှင့် လုံခြုံရေးကို ပျက်ပြားစေရန် ရည်ရွယ်၍သော်လည်း ကောင်း လှုံ့ဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အား ပေးမှုနှင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်ဟုလည်း စစ်ကောင်စီဘက်က ထည့်သွင်းထားသည်။

ထိုအပြင် မှတ်ပုံမတင်ဘဲ အွန်လိုင်းမှဈေးရောင်းပါက ထောင် (၆)လမှ (၃)နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်(၅)သိန်း ချမှတ်နိုင်သော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကဆိုထားသည်။