တော်လှန်ရေးအလုပ်များကို ပြတ်ပြတ်သားသားနှင့် ခွန်ပြည့် အားပြည့်လုပ်မှသာ တိုင်းပြည်နှင့်လူထုကို စစ်အာဏာရှင်စနစ်ဆိုးမှ ကယ်ထုတ်နိုင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့က ပြုလုပ်သည့် ၂၉/၂၀၂၄ အစိုးရအဖွဲ့အစည်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးများနှင့် ပြည်သူလူထုတရပ်လုံးက ယုံကြည် မျှော်လင့်ချက်များစွာရှိကြပြီး အဆိုပါ ယုံကြည်ချက် မျှော်လင့်ချက်များကို ရိုက်မချိုးရန်နှင့် လက်ရှိ နွေဦးတော်လှန်ရေးအပေါ်ကို ခံယူချက် ခိုင်ခိုင်မာမာနှင့် အပ်နှံထားကြောင်း လက်တွေ့ပြသရန် လိုအပ်ကြောင်း ယာယီသမ္မက ဆိုသည်။
“ကျွန်တော်တို့ အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဆက်လက်လျှောက်လှမ်းရမယ့်အချိန်ကို ရောက်နေပြီဆိုတာ အားလုံး သိသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီခရီးအထိ အတူကျော်ဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခုအချိန်ဟာ အပြောင်းအလဲကြီးလည်း ဖြစ်သလို၊ လမ်းဆုံလမ်းခွလည်းဖြစ်နေတယ်ဆိုတာ သတိရကြဖို့ လိုပါတယ်။ တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မယ်ဆိုတာ သတိရကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။" ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ပြီးခဲ့သည့် အစိုးရအဖွဲ့အစည်းတွင်လည်း ယာယီသမ္မတမှ အမျိုးသားညီညွတ်ရေးအစိုးရသည် အဝေးရောက် အစိုးရမဖြစ်ရန် လိုအပ်ကြောင်းနှင့် ပြည်ပရောက်နေသည့် အစိုးရအဖွဲ့ဝင်များအားလုံး ပြည်တွင်းသို့ ပြန်လာပြီး မြေပြင်တွင် လက်တွေ့ကျကျ အင်အားစုစည်း အလုပ်လုပ်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
#TachileikNewsAgency
Photo: National Unity Government of Myanmar