ချင်းပြည်နယ် ဖလမ်းမြို့ရှိ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနှင့် ဖမ်းဆီးခံရသည့် ရဲဝန်ထမ်းနှင့် မိသားစု(၄၀)ကျော်ကို ထိန်းသိမ်းထားသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချသဖြင့် (၈)ဦး သေဆုံးသည်ဟု ဖမ်းဆီးခံရသည့် ရဲအရာရှိများက ပြောသည်။
ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနှင့် ဖမ်းဆီးခံရသည့် ရဲဝန်ထမ်းနှင့် မိသားစု (၄၃)ဦးကို ထိန်းသိမ်းထားသည့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ ည(၁၁)နာရီကျော်တွင် လေကြောင်းမှ တိုက်ခိုက်သွားပြီး အရာရှိ ရဲအုပ်တစ်ဦး၊ ဒုရဲအုပ် (၃)ဦး၊ အခြားအဆင့် (၃)ဦးနှင့် မိသားစုဝင် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားသည်ဟု ဆိုသည်။
“ကျွန်တော်တို့က အဲဒီလိုလာပြီး တိုက်ခိုက်မယ်လို့ မထင်ခဲ့ဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့လည်း တာဝန်ထမ်းဆောင်နေရင်းကနေ အဖမ်းခံထားရတယ်ဆိုတော့ အဲဒီလိုမျိုးတိုက်ခိုက်မယ်လို့ မထင်ခဲ့ပါဘူး။ ကျွန်တော်တို့ရှေ့မှာတင်ပဲ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ သေဆုံးသွားတော့ တော်တော်ကြီး စိတ်မကောင်းဖြစ်သွားတယ်။ တို့တော့ မလုပ်လောက်ပါဘူးလို့ ထင်ခဲ့တာပေါ့လေ။ ကျွန်တော်တို့လည်း အရင်က တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ခဲ့တာပေါ့။ အခန့်မသင့်လို့ ဖမ်းခံရပြီးတော့ ထိန်းသိမ်းထားခံရချိန်မှာ အဲဒီလို လေကြောင်းတိုက်ခိုက်ခံရတော့ နည်းနည်းတော့ ဝမ်းနည်းပါတယ်။”ဟု ဖလမ်းမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းက ပြောသည်။
ဖမ်းဆီးခံထားရသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစု(၄၀)ကျော်ကို သက်ဆိုင်ရာတပ်ဖွဲ့က ကောင်းမွန်စွာ ထိန်းသိမ်းထားချိန် လေကြောင်းတိုက်ခိုက်ခြင်းခံရသဖြင့် ယင်းသို့ပြုမူသည်ကို မကြိုက်ဟုလည်း ဖလမ်းမြို့နယ်ရဲမှူးက ဦးမျိုးဝင်းကလည်းဆိုသည်။
“ကျွန်တော်တို့ရှိတဲ့နေရာကို သတင်းရလို့ လေကြောင်းကနေ လာတိုက်ခိုက်တာလို့ သုံးသပ်ရပါတယ်။ ကျွန်တော့်တပည့်တွေ မျက်စိရှေ့အောက်မှာပဲ ဒဏ်ရာရ သေဆုံးသွားတဲ့အတွက် အခုလို ပစ်ခတ်ခံရတာကို စိတ်ထဲမှာတော့ မကောင်းပါဘူး။”ဟု ဖလမ်းခရိုင်ရဲမှူး ဦးမိုးနိုင်က ပြောသည်။
၎င်းတို့သည့် စခန်းအတွင်း ခုခံနေရာက တော်လှန်ရေးအဖွဲ့များသည် စခန်းအတွင်းသို့ ဝင်ရောက်လာသဖြင့် ထွေအုပ်ရုံးကိုပြောင်းရွှေ့စဉ် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။
မင်းတပ်မြို့နှင့် ဖလမ်းမြို့နယ်တို့ကို ချင်းညီနောင်တပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇၀)ဦးခန့် လက်နက်ချသည်ဟု ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က ထုတ်ပြန်သည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့်၊ ပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့တို့ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့မှစတင်၍ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ဖလမ်းမြို့မှ ရဲတပ်ဖွဲ့ဝင် (၄၃)ဦး လက်နက်ချခဲ့ပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် မင်းတပ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ စစ်ကောင်စီတပ်သားနှင့် ရဲ(၁၂၃)ဦး လက်နက်ချခဲ့သည်။
#TachileikNewsAgency
#TNA_MAT
Photo: CNO/CNDF