ပေါက်ခေါင်းမြို့နယ် ကံကလေးကျေးရွာမှ စစ်မှုထမ်းစုဆောင်းရာတွင် ပါဝင်သည့် စစ်ကောင်စီ သတင်းပေးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး 

ပေါက်ခေါင်းမြို့နယ် ကံကလေးကျေးရွာမှ စစ်မှုထမ်းစုဆောင်းရာတွင် ပါဝင်သည့် စစ်ကောင်စီ သတင်းပေးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး 

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် သဖန်းကိုင်းအုပ်စု ကံကလေးကျေးရွာမှ စစ်မှုထမ်းစုဆောင်းရာတွင် ပါဝင်ကူညီနေသည့် စစ်ကောင်စီသတင်းပေးတစ်ဦးအား PPDF - ၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရာတွင် သေဆုံးကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါက်ခေါင်းမြို့နယ် သဖန်းကိုင်းအုပ်စု ကံကလေးကျေးရွာမှ စစ်မှုထမ်းစုဆောင်းရာတွင် ပါဝင်ကူညီနေသည့် စစ်ကောင်စီ သတင်းပေးတဦးဖြစ်သည့် ကျော်မင်းထွန်း (ခ) ဖိုးနီအား နိုဝင်ဘာလ (၄) ရက်နေ့ နေ့လယ် (၁) နာရီတွင် ကံကလေးရွာနှင့် ဘန်းမွေးပြန်ရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုးနီဆိုသူသည် စစ်ကောင်စီအတွက် စစ်မှုထမ်း စုဆောင်းခြင်း ၊ တော်လှန်ရေးထောက်ပို့နှင့် တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် ပြုလုပ်နေသူများကိုလည်း ပေါင်းတလည် ရဲစခန်းသို့ (၃) ကြိမ်ထက်မနည်း သွားရောက်တိုင်တန်းခြင်း ၊ ကျေးရွာနေ ပြည်သူ (၂) ဦးကိုလည်း PDF နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဓားဖြင့်ဝင်ရောက်ထိုးခြင်း ၊ ကျေးရွာနေပြည်သူများကိုလည်း စိန်ခေါ် ခြိမ်းခြောက်ခြင်းများလုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အခါအခွင့်သင့်သလို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၊ ရဲ ၊ ထွေအုပ်စာရေးများ ၊ အုပ်ချုပ်ရေးမှူးများ ၊ ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် သတင်းပေးလမ်းပြများကို ပြတ်သားစွာ အရေးယူဆောင်ရွက်နေပြီဖြစ်သဖြင့် ပြည်သူများနှင့် ၎င်းတို့နှင့် နီးစပ်သည့်နေရာများကို ရှောင်တိမ်းသွားလာကြရန် PPDF - ၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency