ရွှေကုက္ကိုလ်ဒေသရှိ လူမှောင်ခိုနှင့် ဆက်စပ်သံသယရှိသည့်နေရာများကို ဖော်ထုတ်၍ ပိတ်သိမ်းနေပြီဟု BGF ဆို

ရွှေကုက္ကိုလ်ဒေသရှိ လူမှောင်ခိုနှင့် ဆက်စပ်သံသယရှိသည့်နေရာများကို ဖော်ထုတ်၍ ပိတ်သိမ်းနေပြီဟု BGF ဆို

ရွှေကုက္ကိုလ်ဒေသရှိ လူမှောင်ခိုနှင့် ဆက်စပ်သံသယရှိသည့်နေရာများကို စတင်ဖော်ထုတ်၍ ပိတ်သိမ်းနေပြီဟု ကရင်နယ်ခြားစောင့်တပ်(BGF)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ထံက သိရသည်။ 

လက်ရှိတွင် လူမှောင်ခိုနှင့် ဆက်စပ်သော ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်အတွင်းရှိ ဒေါင်မေဥယျာဉ်လုပ်ငန်းကို ချိပ်ပိတ်လိုက်ပြီဖြစ်ပြီး ထပ်မံဆက်စပ်လုပ်ငန်းများကို ဖော်ထုတ်၍ ပိတ်သိမ်းမည်ဟုလည်း ဆိုသည်။

“လူမှောင်ခိုနဲ့ ဆက်စပ်သံသယရှိတဲ့ သံသယရှိတဲ့နေရာတွေဆို စတင်ပြီးတော့ ဖော်ထုတ်ပိတ်သိမ်းနေတာတွေရှိတယ်။ အခုကတော့ ဆက်လက်စုံစမ်း ဖော်ထုတ်နေတာပေါ့။ တကယ်လို့ ငြိစွန်းတာရှိရင်တော့ ဆက်လက်ပြီးတော့ ပိတ်သိမ်းသွားမယ်။”ဟု BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းတွင် BGF က ထုတ်ပြန်ခဲ့သည့်အမိန့်အား မလိုက်နာပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း ဆိုသည်။

“လက်ရှိတော့ ဒေါင်းမေဥယျာဉ်လုပ်ငန်းအပြင် မရှိသေးပါဘူး။ စည်းကမ်းကြီးကြီးမားမားချိုးဖောက်မှု ရှိလာရင်တော့ အကုန်လုံးပိတ်မှာပါ။ နယ်စပ်ကနေ ကျားဖြန့်လုပ်ငန်းတွေကို လူကုန်ကူးခံရတာမျိုးမရှိအောင် တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေတယ်။ လုပ်စရာရှိတာ လုပ်ဆောင်နေပါတယ်။”ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ဆက်ပြောသည်။

BGF ဌာနချုပ် ရွှေကုက္ကိုလ်မြို့ရှိ ဒေါင်းမေဥယျာဉ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းမှ တရုတ်သရုပ်ဆောင် ဝမ်ရှင်းကို ထိုင်းအာဏာပိုင်များက ကယ်ထုတ်နိုင်ခဲ့ပြီးနောက် အဆိုပါဥယျာဉ်လုပ်ငန်းကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါလုပ်ငန်းကို BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ ညွှန်ကြားချက်ဖြင့်  စစ်ဒေသမှူး နှစ်ဦး၊ ဗျူဟာမှူး တစ်ဦးတို့က သွားရောက်ချိပ်ပိတ်ခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၂၂)ရက်နေ့က ကရင်နယ်ခြားစောင့်တပ် (BGF)၏ ထုတ်ပြန်ချက်တွင် ကရင်ပြည်နယ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ မြေငှားစနစ်နှင့်သာ လက်ခံထားသော်လည်း မသမာသော လုပ်ငန်းရှင်များက လူကုန်ကူး၊ လောင်းကစား၊ လိမ်လည်မှုနှင့် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေကြသဖြင့်  စိစစ်အရေးယူနေသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အပြင် လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် လောင်းကစား ဒုစရိုက်လုပ်ငန်းများကို တိုက်ဖျက်ရေးကို အစိုးရ၊  မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

လက်ရှိတွင် မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများ၏ လူကုန်ကူးမှုပြဿနာကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက အစစ်အဆေးတင်းကြပ်ထားပြီး အဖွဲ့ပေါင်းစုံဖြင့် ဟိုတယ်၊ တည်းခိုခန်း နှင့် ရပ်ကွက်များတွင် ဝင်ရောက်စစ်ဆေးနေပြီဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:BGF တာဝန်ရှိသူများက ဇန်နဝါရီလ ၁၅ ရက်နေ့က မြဝတီရှိ တရုတ်လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံခဲ့စဥ် (ပုံဟောင်း)