မကွေးတိုင်း ငဖဲမြို့နယ်အတွင်းရှိ အမ်း-ပဒါန်းလမ်းမပေါ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်ဆောင်ထားသည့် ယာဥ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်နေကြောင်း PRA-Magwayတပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်သို့ စစ်ကောင်စီတပ်သား အင်အား(၅၀)ခန့်ဖြင့် ရိက္ခာသွားပို့သည့် ကား(၃)စီးကို ဒီဇင်ဘာလ (၄)ရက်နေ့ နေ့လယ်ပိုင်းတွင် စွန်တက်ရွာနှင့် လင်းတဲရွာကြား၌ PRA-Magway တပ်ဖွဲ့က ခြုံခိုမိုင်းဆွဲတိုက်ခိုက်ပြီးနောက် (၁၀)မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“ကား (၃) စီးထဲက ကား (၂) စီးကတော့ ရှေ့ဆက်မရအောင် ပျက်စီးသွားတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်။ အပေါ်မှာ ပါလာတဲ့ အင်အားတွေကလည်း အဲဒီမှာပဲရှိနေသေးတယ်။ ကားတွေ ရှေ့ဆက်တက်တာ နောက်ပြန်ဆုတ်တာမျိုး မတွေ့ရသေးဘူးပေါ့နော်။ အလောင်းသယ်တာ ဒဏ်ရာရတာမျိုးတွေ ကျွန်တော်တို့ မတွေ့ရသေးဘူးဗျ။”ဟု PRA-Magway တပ်ဖွဲ့မှ စစ်ရေး တာဝန်ခံ ကိုနောင်သူရိန်က Tachileik News Agency ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် တပ်မ(၈၈)လက်အောက်ခံ ပူးပေါင်းတပ်များဖြစ်ကြပြီး ယနေ့အထိ စွန်တက်ရွာနှင့် လင်းတဲရွာကြား၌ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
“ဒီကား (၃) စီးကတော့ ပဒါန်းကနေ အမ်းဘက်ကို ဦးတည်ပြီး သွားနေတာပေါ့နော်။ ဘယ်အထိပို့မလဲဆိုတာတော့ ကျွန်တော်တို့မသိရဘူး။ အမ်းမရောက်ခင်က စစ်ကောင်စီဂိတ်စခန်း ကင်းစခန်းတွေကို ရိက္ခာပို့ဖို့လားဆိုတာကတော့ ကျွန်တော်တို့ မသိရဘူးပေါ့နော်။”ဟု ကိုနောင်သူရိန်က ဆက်ပြောသည်။
နိုဝင်ဘာလ (၂၃)ရက်နေ့ကလည်း ငဖဲမြို့နယ် ဘုံးဘောရွာသို့ တပ်ဖွဲ့ဝင်အင်အား (၉၀)ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PRA-Magway၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)နှင့် မင်းဘူးခရိုင် တပ်ရင်း (၂)တို့ တိုက်ပွဲဖြစ်သည်။
နှစ်ဖက်တပ်ဖွဲ့အကြား (၅)နာရီခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်အားများကြောင့် ပူးပေါင်းတပ်များ ဆုတ်ခွာခဲ့ရကာ တိုက်ပွဲအတွင်း ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရသည်ဟု PRA-Magway က ဆိုသည်။
AA၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ-အမ်း)မှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီတပ်ပြေးများအား PRA-Magway မှ ကင်းပုန်းချ ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု အသိပေးထားသည်။
PRA-Magway သည် နိုဝင်ဘာနှင့် ဒီဇင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်သား (၅၀)ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၈)လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို သိမ်းဆည်းရရှိထားသည်ဟု ထုတ်ပြန်သည်။
#TachileikNewsAgency
Photo: PRA-Magway