တာချီလိတ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဆက်လက်ကျင်းပနိုင်ရေး လှူဒါန်းလိုသူများရှိနေ
မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပထမအကြိမ် ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပနိုင်ခဲ့ပြီးနောက် လာမည့်နှစ်တွင် ဆက်လက်ကျင်းပနိုင်ရန် လှူဒါန်းလိုသူများလည်းရှိနေကြောင်း သိရသည်။
“ဒေသခံတွေလည်း အားပေးကြတယ်။ စိတ်ဝင်စားကြတယ်။ ကြိတ်ကြိတ်တိုးကို အားပေးကြတာတွေ့ရသလို နိုင်ငံခြားသားတွေလည်း စိတ်ဝင်စားတာ တွေ့ရပါတယ်။ နောက်နှစ်မှာ ကျင်းပမယ်ဆိုရင် ပါဝင်လှူဒါန်းလိုကြတဲ့၊ မီးပုံးပျံထည့်သွင်းလွှတ်တင်ချင်သူတွေ၊ လုပ်ငန်းရှင်တွေက အခုကတည်းက ကြိုတင်ချိတ်ဆက်တာတွေ ရှိနေပါပြီ။ နောင်နှစ်မှာလည်း ဘေးကင်းလုံခြုံပြီး စည်ကားတဲ့ပွဲတော်တစ်ခုဖြစ်အောင် စီမံသွားမှာဖြစ်သလို ဒီလိုပွဲတော်ကို စိတ်ဝင်တစား လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေရှိလာရင်လည်း ကိုယ့်ဒေသက ဈေးရောင်းတဲ့သူတွေကအစ အလုပ်အကိုင်အခွင့်အလမ်းလည်း တိုးလာမှာဖြစ်လို့ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မှာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပထမအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်သို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင်များလည်း လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။
မီးပုံးပျံပွဲတော်ဖြစ်မြောက်ရေးအတွက် ဒေသခံလုပ်ငန်းရှင်အချို့ကဦးဆောင်ကာ ဒေသမှ စိတ်ဝင်စားသူများပါဝင်သည့် ရွှေတြိဂံဒေသမီးပုံးပျံပွဲတော်ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်။
မီးပုံးပျံပွဲတော်ပိတ်ပွဲအခမ်းအနား ကျင်းပသည့် နိုဝင်ဘာလ (၁၇)ရက်နေ့ညပိုင်းက မီးပုံးပျံပွဲတော် ပါဝင်ဆင်နွှဲကြသည့် ဧည့်ပရိတ်သတ်နှင့်အတူ တာချီလိတ်မြို့ စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ပွဲတော်ဖြစ်မြောက်ရေး အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။
Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း
ဆက်စပ်သတင်းများ
- တာချီလိတ်၏ ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပနေ
- နယ်စပ်မြို့ တာချီလိတ်၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာ မီးပုံးပျံပွဲတော်ကျင်းပရေး ထိုင်းနိုင်ငံကို အသိပေး ညှိနှိုင်းဆောင်ရွက်ထား
- တာချီလိတ်မြို့၏ ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဖွင့်ပွဲ ကျင်းပရန်အတွက် ပြင်ဆင်နေ
- မီးပုံးပျံ အလုံး(၃၀)ကျော် လွှတ်တင်မည့် တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော် အား ရှမ်းစာပေယဉ်ကျေးမှုကွင်းအတွင်း နေ့ရောညပါ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်
- တာချီလိတ်မြို့မှာ ပထမဆုံး ကျင်းပမည့် မီးပုံးပျံပွဲ
- တာချီလိတ်တွင် ပထမဆုံး ကျင်းပမည့် မီးပုံးပွဲ ပွဲတော်ကာလအတွင်း တိုင်းရင်းသားရိုးရာ အမှတ်တရ နှင့် အစားအစာများ လာရောက် ရောင်းချရန် ဖိတ်ခေါ်
- တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်အတွင်း လွှတ်တင်မည့် ပံ့သကူမီးပုံးပျံတွင် ချိတ်ဆွဲရန် ပံ့သကူအလှူများ ပါဝင်နိုင် လှူဒါန်းရန်အတွက် စာရင်းပေးနိုင်
- တာချီလိတ် မီးပုံးပျံပွဲမှာ လွှတ်တင်မည့် ပံ့သကူမီးပုံးပျံ အစီအစဉ်
- တာချီလိတ်တွင် ပထမအကြိမ်အဖြစ် ကျင်းပမည့် ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံ ပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်လည်း ပါဝင်မည်
- တာချီလိတ်မြို့၏ ပထမဆုံး မီးပုံးပျံပွဲတော်တွင် တောင်ကြီးမြို့မှ ပုညမီးအဖွဲ့ ပါဝင်လွှတ်တင်မည်