စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ငှက်ပျောတိုင်းရွာအနီးတွင် စစ်ကောင်စီတပ်သားနှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားသည်ဟု ကန့်ဘလူခရိုင် တပ်ရင်း(၄)ထံမှ သိရသည်။
၂၀၂၅ခုနှစ် မတ်လ(၅)ရက်နေ့က ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်းနှင့် ကန့်ဘလူခရိုင် ပကဖ၊ ပအဖ၊ ပလဖ၊ PDF ပူးပေါင်းစစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီတပ်သားနှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါနှစ်ဦးကို စစ်ကြောင်းမှထွက်ပြေးလာ၍ ဖမ်းဆီးမိခြင်းမဟုတ်ဘဲ နယ်မြေရှင်းလင်းရာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်ကို ဖြေကြားနိုင်ခြင်းမရှိသေးဟု ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ကစတင်၍ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး ကျေးရွာများအား စစ်ကြောင်းထိုး၍ မီးရှို့နေသည့်ဖြစ်စဉ်ရှိသည်။
ထို့နောက် ကန့်ဘလူနယ် အရှေ့ခြမ်း ကားလမ်းဘေးရှိ ယမနေနှင့် ပေကြီးရွာကို (၉)ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီး၍ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်များအပါ ဒေသခံ(၈)ဦးထက်မနည်းကို သတ်ဖြတ်ပြီး ငှက်ပျောတိုင်၊ ယမနေနှင့် ပေကြီးရွာမှ ဒေသခံ (၃၀)ကျော်ကိုလည်း ဖမ်းထားသည်ဟု သိရသည်။
“ရွာတွေကို မီးရှို့တဲ့ စစ်ကောင်စီတပ်က တပ်သားတွေဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ဒေသခံတွေကတော့ ပြန်မလွတ်သေးပါဘူး။”ဟု ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ယနေ့တွင်လည်း စစ်ကောင်စီတပ်များသည် ပေကြီးရွာကို ဆက်လက်မီးရှို့နေ၍ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
#TachileikNewsAgency