မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီးရှိ ကမ္ဘောဇဘဏ်ကို လူတစ်ဦးက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းက ဓားပြဝင်တိုက်ရာ ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိသည်ဟု ဒေသခံများထံမှ သိရသည်။
မန္တလေးတက္ကသိုလ်အနီးရှိ မဟာအောင်မြေမြို့နယ် ၇၃ လမ်း၊ ၄၀×၄၁ လမ်းကြား ဗောဓိကုန်းကမ္ဘောဇဘဏ်ခွဲကို လူတစ်ဦးက လက်လုပ်သေနတ်ဖြင့် နေ့လယ်(၂)နာရီခွဲတွင် ဓားပြဝင်တိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“အဲဒီနေရာက မိန်းထဲ၊ တက္ကသိုလ်နားမှာရှိတာ။ မန္တလေးမှာ လူအစည်ဆုံးနေရာပဲ။ ဓားပြဝင်တိုက်တာ ဒုမန်နေဂျာ ဒဏ်ရာရသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဓားပြမှုကျူးလွန်သူသည် ကြောပိုးအိတ်ဖြင့် တစ်ဦးတည်းဘဏ်အတွင်းသို့ဝင်လာ၍ ဓားပြတိုက်ပြီး အိတ်အတွင်းသို့ ငွေများထည့်ပြီးနောက် ပြန်အထွက်တွင် လုံခြုံရေးများက ဝိုင်းဝန်းဖမ်းဆီးစဉ် ပစ်ခတ်သဖြင့် ဒုမန်နေဂျာ လက်မောင်းတွင် ဒဏ်ရာရရှိသည်ဟု ဆိုသည်။
“သေနတ်ပြပြီး သူ့ကြောပိုးအိတ်ထဲ ပိုက်ဆံထည့်ပြီး ပြန်အထွက်မှာ ဝန်ထမ်းတွေက ဝိုင်းလုံးကြတာ။ ဝိုင်းလုံးတော့ သူက သေနတ်နဲ့ပြန်ပစ်တော့ ဒုမန်နေဂျာရဲ့လက်မောင်းကို မှန်သွားတာ။ အခု သက်ဆိုင်ရာက ခေါ်သွားပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးမြို့တွင်း ရွှေဆိုင်များနှင့် ငွေလဲလုပ်ငန်းများတွင် ဓားပြမှုများဖြစ်ပွားခဲ့သေးပြီး စစ်ကောင်စီက အဆိုပါဓားပြမှုများကို ဖမ်းဆီးရမိပြီဟု ထုတ်ပြန်ထားကာ နိုင်ငံရေးအသုံးချမှုပါ လုပ်ဆောင်လာသည်ကို တွေ့ရသည်။
#TachileikNewsAgency
#TNA_MAT
Photo:CJ