တော်လှန်ရေးအဖွဲ့အစည်းအားလုံး စုစည်းညီညွတ်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့တိုက်တွန်း

တော်လှန်ရေးအဖွဲ့အစည်းအားလုံး စုစည်းညီညွတ်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့တိုက်တွန်း
By Tachileik News Agency

စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးတကြီး လိုအပ်နေသည်ဟု ညီနောင်မဟာမိတ် (၃)ဖွဲ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

နှစ်သစ်ကူးထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ယင်းကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် AA၊ TNLA နှင့် MNDAA တို့အနေဖြင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့် လက်တွဲဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် တိုက်ထုတ်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီညီလုပ်ဆောင်နိုင်မှသာ

ပြည်တွင်းစစ်မီးငြိမ်းနိုင်ရေးအတွက် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်နိုင်မည်ဖြစ်၍ ယခင်ထက် အင်တိုက်အားတိုက်ကြိုးပမ်းကြပါဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 

ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးအင်အားစုကို နှစ်နှစ်နီးပါး အင်အားသုံးတိုက်ခိုက်နေသည့် အာဏာသိမ်းအဖွဲ့က နွေဦးတော်လှန်ရေးအင်အားစုများမပါဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၂၀၁၃ တစ်နှစ်လုံး အပစ်ရပ်မည်ဟု ဆိုထားသည်။