စစ်ခေါင်းဆောင်နှင့် တရုတ်သံအမတ်တို့ နယ်စပ် တည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

စစ်ခေါင်းဆောင်နှင့် တရုတ်သံအမတ်တို့ နယ်စပ် တည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

တရုတ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် အသစ်ခန့်အပ်လိုက်သည့် အမျိုးသမီး တရုတ်သံအမတ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့  နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော H.E. Ms. Ma Jia နှင့်  ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့က နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံကာ သံအမတ်ခန့်အပ်လွှာကိုပေးရင်း ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။ 

နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်ဟု ဆိုသည်။

ထို့အပြင် ကာကွယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တင်ရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ယခု ထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးသည်ဟု ဆိုသည်၊

နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ရပ်တည်ဆောင်ရွက်နေသည့်အခြေ အနေများ၊ မြန်မာနိုင်ငံ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ် တရုတ်နိုင်ငံအနေဖြင့်ဆက်လက် ထောက်ခံရပ်တည် ပေးသွားမည့်အခြေအနေများကိုလည်း ဆွေးနွေးသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး နယ်စပ်မြို့များကို ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။