လေဆိပ် နှင့် ရေတပ်ကို သိမ်းနိုင်သည့် ပထမဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာမည့် အာရက္ခတပ်တော်

လေဆိပ် နှင့် ရေတပ်ကို သိမ်းနိုင်သည့် ပထမဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာမည့် အာရက္ခတပ်တော်
ဇူလိုင် 19, 2024 | 2021 Military Coup| ဆောင်းပါး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က အလုံးစုံအပြီးသတ် သိမ်းပါက မြန်မာနိုင်ငံတွင် ရေတပ် နှင့် လေဆိပ်ကို ပထမဆုံးသိမ်းပိုက်နိုင်သည့် တပ်ဖွဲ့အဖြစ် သမိုင်းဝင်မှတ်တမ်းရေးထိုးရတော့မည် ဖြစ်သည်။ 

ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် အာရက္ခတပ်တော် (AA)ကို ကြည်း၊ ရေ၊ လေဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့သော်လည်း  စစ်ရေးရှုံးနေလျက်ရှိပြီး AA သည် မြို့နယ်ပေါင်း (၈)မြို့နယ်ကို သိမ်းပိုက်ထားကာ သံတွဲမြို့ကိုလည်း ထိန်းချုပ်ထားနိုင် သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

AA သည် သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ် မေလ(၁၃)ရက်နေ့က စတင်ကာ သံတွဲ - တောင်ကုတ်လမ်းပေါ်ရှိ သံတွဲမြို့နှင့် မိုင်(၂၀)ဝန်းကျင်အကွာ ရွှေလှေတိုက်နယ်ကို စတင် တိုက်ခိုက်သိမ်းပိုက်ရာ စစ်ခေါင်းဆောင် မင်း အောင်လှိုင်၏ ဇနီးဖြစ်သူ ရခိုင်တိုင်းရင်းသူ ဒေါ်ကြူကြူလှ၏  ဇီးကျွန်းရွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဇွန်လအတွင်း သံတွဲမြို့စောင့်တပ်များရှိရာ ငပလီကမ်းခြေ ဂေါ့ရပ်ကွက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် သံတွဲလေဆိပ် နှင့် ခမရ(၅၆၆)တို့အား ဇွန်လ (၂၇)ရက်နေ့တွင် လည်းကောင်း၊ ခလရ (၅၅) တပ်ရင်းအား ဇူလိုင်လ (၉)ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ရရှိကာ လက်ရှိတွင် မြို့တွင်းရှိ ရဲစခန်း၊ အကျဉ်းထောင်၊ ဌာန ဆိုင်ရာရုံးများ အားလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ 

“သံတွဲမှာ ကွင်းဝိုင်းရေတပ်စခန်းပဲ ကျန်တော့လို့ ရေတပ်စခန်း ပတ်ဝန်းကရွာတွေ အကုန်ပြောင်းရွှေ့ကုန်ကြပြီ။ ရွာတွေမှာ လူတွေ မရှိကြတော့ဘူး။ အနည်းစုပဲကျန်တယ်။ ကွင်းဝိုင်းရေတပ်စခန်းကို ကုန်းလမ်း၊ ရေလမ်း၊ တောလမ်းကအစ ဝင်နိုင်တော့ စစ်ကောင်စီတပ်ကတွေက အဲဒီနေရာတွေကို တပ်စွဲပြီး ပိတ်ထားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ဇူလိုင်လ(၁၈)ရက်နေ့တွင် ပြောသည်။

မြို့စောင့်တပ်များ AA လက်အောက်ကျပြီးနောက် စစ်ကောင်စီတပ်သည် ကွင်းဝိုင်းရေတပ်အား လက်မလွှတ်ရရေး အတွက် ရေတပ်စခန်းသို့ ရေလမ်းမှသွားနိုင်သည့် ဂျိတ္တောရပ်ကွက်တွင် အင်အား(၂၀၀)ဝန်းကျင်ဖြင့် တပ်စွဲ ခြင်း၊ ကုန်းလမ်းမှ သွားနိုင်သည့် သံတွဲ-ဂွလမ်း ဇလွန်တွင် အင်အား(၂၀၀)ဝန်းကျင်ဖြင့် တပ်စွဲခြင်းများပြုလုပ် ထားသည်ဟု သိရသည်။ 

ဂျိတ္တောရပ်ကွက်မှ ကွင်းဝိုင်းရေတပ်သို့ (၄၅)မီနစ်ခန့် စက်လှေစီးပါက ရောက်နိုင်ပြီး ဇလွန်မှ ကွင်းဝိုင်းရေတပ်သို့ (၁၀)မိုင်ခန့်ဝေးသည်ဟု ဒေသခံများက ဆိုသည်။

“လက်ရှိ ကွင်းဝိုင်းရေတပ်က စစ်ကောင်စီတပ်သားတွေကို တပ်ဆုတ်ခိုင်းတာ မရှိသေးဘူး။ အင်အားက (၃၀၀) လောက်ရှိမယ်။ သူတို့ရဲ့ မိသားစုဝင်တွေကိုတော့ စစ်သင်္ဘောနဲ့ ရန်ကုန်က သံလျှင်ရေတပ်စခန်းကို ပို့ထားလိုက် ပြီ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ကွင်းဝိုင်းရေတပ်တွင် တိုက်ခိုက်ရေးအတွက် အဓိကထားကာ ကတုတ်ကျင်းများတူးထားပြီး သံတွဲမြို့သို့ ပစ်ခတ်နေသည့် ဟောင်ဝှစ်ဇာ( Howitzer )လက်နက်ကြီးများလည်း အထိုင်ချထားကာ မြို့တွင်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ ငပလီသို့ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ သိရတာကတော့ ကယ်ဆယ်ရေး၊ သယ်ယူ ပို့ဆောင်ရေးလုပ်တဲ့ စက်လှေတွေရှိတယ်။ တာဝေးပစ် တွေရှိတယ်။ အတွဲလိုက် ပစ်တာတွေရှိတယ်။ တင့်ကားတွေလဲ ရှိသေးတယ်လို့ သိထားရတယ်။ စစ်သင်္ဘောတွေ အပြင်ပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

 

သံတွဲမြို့နယ် ကွင်းဝိုင်းရှိ ပင်မဆက်သွယ်ရေးနှင့် ရေငုပ်တပ်သည် ၁၉၇၉ ခုနှစ်ဝန်းကျင်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ယင်းခုနှစ်ဝန်းကျင်တွင်ပင် ရေတပ်သားများကို လစာထုတ်ပေးနေရပြီဖြစ်သည်ဟု သိရသည်။

“ကွင်းဝိုင်းရေတပ်က ကျောက်ဖြူက ကျောက်တလုံး(ဒေသအခေါ်)ရေတပ်စခန်းနဲ့ တည်ဆောက်တဲ့ ခုနှစ်တူတယ် ။ တပြိုင်တည်း ဆောက်တာလို့ ဆိုနိုင်တာပေါ့။ ကွင်းဝိုင်းမှာ ရေတပ်စခန်းတွေမရှိခင်က ကိုရီးယားသင်္ဘောတွေ၊ ထိုင်းသင်္ဘောတွေ ကုန်သွယ်ရေးအတွက် ဆိုက်ကပ်တဲ့နေရာ။ အဲဒီနောက်ပိုင်းမှ ပင်မဆက်သွယ်ရေးနဲ့ ရေငုပ်တပ်ဖြစ်လာတာ။”ဟု ဒေသခံတစ်ဦး က ပြောသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့က စစ်ကောင်စီတပ်ပိုင် အထူးလေယာဉ်အမျိုးစား Beechcraft လေယာဉ် အမှတ် - 4609 ဖြင့် ရုရှားတပ်မတော်မှ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးချုပ် Lt, General Yurly M.STAVITZKIY ပါ (၅)ဦးတို့သည် သံတွဲလေဆိပ်သို့ရောက်လာပြီး ငပလီကမ်းခြေရှိ Amazing Hotel တွင် တည်းခိုခဲ့ပြီးနောက် ပုလဲကျွန်းကို သွားရောက်ရာ ပင်မရေငုပ်နှင့်ဆယ်ယူရေး ရေတပ်စခန်း(ကွင်းဝိုင်း)က လုံခြုံရေး ပေးခဲ့သည်ဟု တပ်တွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

“အဲဒီတုန်းက ဘာကြောင့်လာတယ်ဆိုတာတော့ မသိရဘူး။ ခရီးစဉ်တွေကတော့ အလည်အပတ်ခရီးစဉ်တွေပဲ။ ဘာကြောင့်မှ မဟုတ်ဘဲ ရန်ကုန်၊ နေပြည်တော်၊ ငပလီကို လာမှာတော့ မဟုတ်ဘူး။”ဟု တပ်တွင်းသတင်းအရင်း အမြစ်က ပြောသည်။

ခရီးစဉ်အတွက် လျှို့ဝှက် ညွှန်ကြားစာ

ပုလဲကျွန်းသည် လင်းသာကမ်းခြေအနီး ကွင်းဝိုင်းရေတပ်နှင့် မျက်နှာခြင်းဆိုင်တွင်ရှိကာ ၎င်းကျွန်းတွင် ယခင် စစ်အာဏာရှင် ဦးသန်းရွှေ စစ်အစိုးရလက်ထက်က ပုလဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပြီး ယခုတွင် အဆိုပါ စခန်းအား ဖျက်သိမ်းထားပြီးဖြစ်သည်။

လက်ရှိတွင် AA သည် ကမ္ဘာကျော် ငပလီရှိ စစ်အုပ်စုပိုင်နှင့် ၎င်းတို့နှင့်နီးစပ်သည့် ခရိုနီများပိုင်ဆိုင်သော ဟိုတယ်ကြီးများကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကာ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ လေကြောင်းတို့မှ ဗုံးကြဲနေသ ဖြင့် ဟိုတယ်တချို့မီးလောင်ပျက်စီးသည်ဟု သိရသည်။

“သံတွဲရေတပ်ကို မသိမ်းနိုင်သေးသရွေ့ကတော့ မြို့တွင်းကော၊ ငပလီကမ်းခြေကော လက်နက်ကြီးနဲ့ ပစ်ခံနေရ ဦးမှာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဓညဝတီ ရေတပ်စခန်းဌာနချုပ် (ဓရခ)လက်အောက်ခံ ရေတပ်(၁၃)ရင်းရှိရာ ကျောက်ဖြူတွင် ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ်(၁၁)ရေတပ်ဆက်သွယ်ရေးတပ်၊ အမှတ်(၁၂)ရေတပ်ပစ္စည်းထိန်းတပ်၊ အမှတ် (၁၃)ရေတပ်အုပ်ချုပ်ရေးတပ်၊ အမှတ်(၁၄)ရေတပ် လက်နက်ခဲယမ်းတပ်၊ အမှတ်(၁၅) ရေတပ် စက်မှုလက်မှု တပ်၊ အမှတ်(၁၆)စစ်ရေယာဉ်စု၊ အမှတ်(၁၇)ရေတပ်လေ့ကျင့်ရေးတပ်၊ အမှတ်(၃)ဗျူဟာ စစ်ရေယာဉ်စု၊ ရေငုပ် စစ်သင်္ဘောရေယာဉ်စု၊ အမှတ်(၇၁)ရေငုပ်သင်္ဘောစစ်ရေယာဉ်စု၊ စစ်တွေတွင် မှတ်(၁၈)ရေတပ်အခြေစိုက်စခန်း နှင့် သံတွဲတွင် ကွင်းဝိုင်းရှိ ရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်တို့ ရှိနေခြင်းဖြစ်သည်။

သံတွဲမြို့နယ်အလုံးစုံ မကျရေးအတွက် စစ်ကောင်စီသည် နယ်ခံတပ်ရင်း(၂)ရင်း အပါအဝင် တပ်မ(၁၀၁) လက် အောက်ခံ တပ်ရင်း(၁၀)ရင်း၊ ဧရာဝတီတိုင်းက တပ်ရင်းတချို့၊ စစ်သင်္ဘော(၅)စီးပါအုပ်စုအပြင် Myanmar Navy SEALs တပ်သားများနှင့် ခုခံနေခြင်းဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီရေတပ်၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Myanmar Navy SEALs) ကို ၂၀၁၀ ခုနှစ်ကာလများက စတင် ဖွဲ့စည်းခဲ့ပြီး ဓားစာခံ ကယ်ဆယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ လှုပ်ရှားမှုပြုနိုင်ရန် အဓိကရည်ရွယ်သည်ဟု ဆိုသည်။ 

  • ၂၀၂၀ ခုနှစ်တွင် စစ်ကောင်စီရေတပ်သည် အိန္ဒိယမှ ဆိုဗီယက်ခေတ် Sindughosh/Kilo-class ရေငုပ်သင်္ဘောကို ၎င်း၏ ပထမဆုံးရေငုပ်သင်္ဘောအဖြစ် ဝယ်ယူခဲ့သည်။ 

ယခင် INS Sindhuvir (S58) ကို မလွှဲပြောင်းမီ Hindustan Shipyard Limited က ပြန်လည်ပြင်ဆင်ခဲ့ကာ ယခု အခါတွင် ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူ UMS Minye Theinkhathu ဟု အမည်ပြောင်းကာ လေ့ကျင့် ရေးအတွက် အသုံးပြုနေသည်။ အိန္ဒိယရေတပ်က ၁၉၈၈ခုနှစ် ကနေ ၂၀၂၀ခုနှစ်အထိ  INS Sindhuvir (S58) ( Brave at the Sea )အဖြစ် အသုံးပြုထားသည့် အဆိုပါ ရေငုံသင်္ဘောကို စစ်ကောင်စီတပ်က မင်းရဲသိင်္ခသူ(UMS Minye Theinkhathu)အမည်ဖြင့် ပြောင်းလဲကာ ရယူထားရှိရာ   စစ်ကောင်စီရေတပ်၏ ပထမဆုံး ရေငုပ်သင်္ဘောဖြစ်လာသည်။

  • ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် စစ်ကောင်စီရေတပ်သည် ၎င်း၏ ဒုတိယမြောက်ရေငုပ်သင်္ဘော 35B Ming-class အမျိုးအစား ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲကျော်ထင် UMS Minye Kyaw Htin ရေငုပ်သင်္ဘော ကို တရုတ်နိုင်ငံထံမှ လက်ခံရယူခဲ့သည်။

 

  • ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း စစ်ကောင်စီရေတပ်သည် အစ္စရေးနိုင်ငံမှ Super Dvora Mk III ကင်းလှည့်သင်္ဘော နှစ်စင်းကို ဝယ်ယူခဲ့ပြီး ထို့နောက် ၂၀၁၇ ခုနှစ် မတ်လတွင် ချုပ်ဆိုခဲ့သော အမေရိကန်ဒေါ်လာ(၃၇ ဒသမ ၉)သန်း တန်ဖိုးရှိ သဘောတူညီချက်အရ စစ်ကောင်စီရေတပ်သည် အိန္ဒိယနိုင်ငံမှ အဆင့်မြင့် ရေငုပ်သင်္ဘောဖျက်တော်ပီ ဒို Shyena ယူနစ်များကိုလည်း လက်ခံရရှိခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ်တွင် တောင်ကိုးရီးယားထံမှ စစ်ရေယာဉ် မုတ္တမ (1501) platform dock (LPD) အသစ်ကို စစ် ကောင်စီရေတပ်က ဝယ်ယူခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လအတွင်း တရုတ်နိုင်ငံကလည်း စစ်ကောင်စီရေတပ်ကို ကင်းလှည့်ရေယာဉ် (၆)စင်းပေးခဲ့သေးသည်။

  • ကာကွယ်ရေးဦးစီးချုပ် (ရေ) အပြောင်းအလဲ

 

စစ်အာဏာသိမ်းပြီး (၃)နှစ်ကျော်အကြာတွင် စစ်ခေါင်းဆောင်က ကာကွယ်ရေးဦးစီးချုပ် (ရေ) နေရာကို (၄)  ကြိမ်တိုင် အပြောင်းအလဲလုပ်ခဲ့ပြီး လက်ရှိ ရေတပ်စစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးထိန်ဝင်းသည် စစ်တက္ကသိုလ်အပတ်စဉ် (DSA-29) ဆင်း ဖြစ်ကာ ရာထူးအဆင့်ဆင့်တိုးပြီးနောက်  အလယ်ပိုင်း​ရေတပ်ကွပ်ကဲမှုဌာနချုပ်၏ ​ဌာနချုပ်မှူးဖြစ်ခဲ့ပြီး  ၂၀၂၄ခုနှစ် ဇူလိုင်လတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ (၁၇)ဦးမြောက်အဖြစ် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ 

အာဏာသိမ်းပြီးနောက် (၃)နှစ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်ဆန်း ပြီးနောက် ရေတပ်ကာကွယ်ရေးစီးချုပ်ဖြစ်လာသူများမှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယ‌ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် နှင့် ယခုလက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း တို့ ဖြစ်ကြသည်။

၎င်းတို့ (၄)ဦးအနက် ဒုတိယ‌ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် သည် ရေတပ်ကာကွယ်ရေးစီးချုပ်အဖြစ် (၆)လတာ တာဝန်ထမ်းဆောင်ခဲ့ရ

  • AA ရေကြောင်းတိုက်ပွဲ

၂၀၂၄ခုနှစ် ဖေဖော်ဝါရီ (၇) ရက်မှ (၁၃) ရက်အထိ ကျောက်တော်၊ မင်းပြားမြို့နယ်တို့တွင် (၆)ရက်ကြာ ရေ ကြောင်းတိုက်ပွဲ များအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော(၃)စီးနှင့် ဇက်သင်္ဘော(၂)စီး စုစုပေါင်း(၅)စီးကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကာ သင်္ဘော(၄)စီးမှာလည်း ရေချ၍မရနိုင်သည်အထိ ပျက်စီးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော (Navy)၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာ လမ်းကြောင်းတလျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ ကျေးရွာများကို စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများ ပြုလုပ်နေခြင်းဖြစ်သည်။ 

ထိုသို့ ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့ကာ  ပြည်သူ လူထုကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု AA က ဆိုထားသည်။

 

၂၀၂၄ခုနှစ် ဇန်နဝါရီလမှ မေလအထိ အာရက္ခတပ်တော်(AA) တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ တပ်စခန်း စုစုပေါင်းမှာ (၇၀)နီးပါးရှိပြီး မေလမှ ဇူလိုင်လအထိ ဆက်လက် သိမ်းပိုက်ထားသည့် တပ်စခန်းအရေအတွက်များစွာလည်းရှိသေးသည်။ အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကာလအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိများစွာ သေဆုံးခဲ့သလို လက်နက်ချ အညံ့ခံခဲ့ကြသည့် အရာရှိ စစ်သည်အင်အားမှာလည်း ထောင်နှင့်ချီ ရှိခဲ့ပြီး အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်နေလျက်ရှိသည်။