တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ပဲဒက်တပ်စခန်းပြန်ရရေး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် ထိုးစစ်ဆင်နေရာ တော် လှန်ရေးတပ်များက ဖြတ်တောက်တိုက်ခိုက်ထားနိုင်ကြောင်း သိရသည်။
"လက်ရှိ ပဲဒက်ကိုပြန်ရဖို့ စစ်ကောင်စီတပ်က ပြန်ထိုးစစ်ဆင်နေသလို အခြားစစ်ကောင်စီစခန်းတွေကိုလည်း ကျွန်တော်တို့က တိုက်ခိုက်ရှင်းလင်းဆဲ အနေအထားပါ။ လက်ရှိအထိတော့ ကျွန်တော်တို့ ဖြတ်တောက် တိုက်ခိုက်ထားနိုင်ဆဲပါဗျ။"ဟု မြိတ်ခရိုင်တပ်ရင်(၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
ယမန်နေ့ ၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့က သရက်ချောင်းမြိုနယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၈)ဦးသေပြီး (၂၆)ဦး ဖမ်းမိကာ လက်နက်မျိုးစုံ အလက် (၃၀)နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မေလ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
"လတ်တလော အတည်ပြုနိုင်တာက (၂)ပွင့်ဗိုလ်အဆင့်ရှိတဲ့ ဗိုလ်လက်သီးကို မိထားတယ်။ ပဲဒက် စစ်ဆေးရေးဂိတ်မှာ တော်တော် မိုက်ရိုင်းပြီး ငွေတောင်းကြမ်းတဲ့ကောင်လို့ နာမည်ကြီးတယ်။ လတ်တလောကတော့ နိုင်ငံတကာ စစ်သုံ့ပန်းဥပေဒနဲ့အညီ ထိန်းသိမ်းထားပါတယ်။"ဟု ၎င်းကဆက်ပြောသည်။
တော်လှန်ရေးတပ်များသည် ပြီးခဲ့သည့် မေလ(၅)ရက်နေ့ကစတင်ပြီး ပဲဒက်ကျေးရွှာ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်ဆည်ကျေး ရွာအတွင်းရှိ ပျူစောထီးစခန်းတို့ကို စီးနင်းတိုက်ခိုက်ခဲ့ရာ (၄)ရက်အကြာတွင် ပဲဒက်စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်ရေတပ်မှ လက်နက်ကြီး ပစ်ကူ (၁၃)ကြိမ်၊ လေကြောင်းမှပစ်ကူ အကြိမ်(၂၀)ပြုလုပ်ကာ ဗုံးအသီးအလုံး(၁၀၀)ခန့် ကြဲချတိုက်ခိုက်ရာ ပူးပေါင်းတပ်ဘက်က ရဲဘော် (၂)ဦးကျဆုံးပြီး (၆)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကို PDF ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း Saw Dragon ဒရုန်းတပ်ဖွဲ့ ၊ ဒေါနဒရုန်းတပ်ဖွဲ့ ၊ YAF ဒရုန်းတပ်ဖွဲ့ ၊ KNLA တပ်မဟာ (၆)တပ်ရင်း (၂၇)၊ တပ်မဟာ(၄)တပ်ရင်း (၁၂)၊ ဖယ်ဒရယ် စစ်ကြောင်း၊
ဒေါင်းညီနှောင်စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေး