ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းကျေးရွာမှ နေရာ ၃ ခုတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့  သွားရောက်တိုက်ခိုက်

ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းကျေးရွာမှ နေရာ ၃ ခုတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့  သွားရောက်တိုက်ခိုက်
စက်တင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းကျေးရွာမှ နေရာ (၃) ခုတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကွင်းချောင်းကျေးရွာမှ နေရာ (၃)ခုတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးနှင့် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် စောမင်းနိုင် ဦးဆောင်သည့် ပျူစောထီး (၁၅)ဦးတို့အား စက်တင်ဘာလ (၇)ရက်နေ့ နံနက် (၅)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု (၂)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးနှင့် ပျူစောထီး (၃)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ဆိုသည်။

တိုက်ပွဲအတွင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) YoMl GBK-PDF အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးပစ်ခတ်စဉ် ချို့ယွင်းချက်ဖြစ်ကာ ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ ၁ Dragon Brothers GBK-PDF၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၊ တပ်ခွဲ ၆ Black Dragon GBK-PDF နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၁ YoMl GBK-PDF၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၆  AYEYAR NYI NAUNG စစ်ကြောင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း စစ်ကောင်စီနှင့် ပျူစောထီးများအား တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်  စစ်ကောင်စီများနှင့် ပျူစောထီးများအနီး  သွားလာနေထိုင်မှုများ မပြုလုပ်ကြရန် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ အသိပေးထားသည်။

#TachileikNewsAgency